နေပြည်တော် စက်တင်ဘာ ၁၇
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေး ပေးချေနိုင်ရေး တွက်ချက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲ လယ်ယာမြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်ကန်မှုကို ဦးစွာအဓိကထားပြီး စိစစ်ရပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစားမှန်ကန်ပါမှ ဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် ကိုက်ညီမှာဖြစ်ပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစား ကိုက်ညီမှန်ကန်မှုရှိသော မြေများပေါ်၌ စီမံကိန်းလုပ်ငန်းဆောင်ရွက်စဉ်က ထိခိုက်ပျက်စီးသွားသည့် သီးနှံများနှင့် လယ်ယာမြေများအတွက် နည်းဥပဒေပါ ပြဌာန်းချက်ပါအတိုင်း ဒေသကာလ ပေါက်စျေးနှင့် သတ်မှတ်နှုန်းထားများဖြင့် ပေးလျော်နိုင်ရေး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က လယ်ယာမြေ ပုံစံ - ၁၂ ဖြင့် စိစစ်တွက်ချက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ၏ သဘောထား မှတ်ချက်ဖြင့် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြလာခြင်းဖြစ်ကြောင်း။
မြေယာပိုင်ရှင်များကို လျော်ကြေး၊ နစ်နာကြေးလျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များ အတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိပဲ ခံစားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း စိစစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခုပေးအပ်ရန် ခွင့်ပြုမည့် လျော်ကြေးငွေများသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဘဏ္ဍာငွေများ ဖြစ်သည်နှင့်အညီ လျော်ကြေးပမာဏကို ထိုက်သင့်သည် ထက်ပိုမိုသွားခြင်း မဖြစ်စေရေး စိစစ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် လယ်ယာမြေပိုင်ရှင် တောင်သူများနှင့် မြေရှင်များ နစ်နာမှုမရှိစေရန် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာ နှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီပေးလျော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာသော လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လျော်ကြေး၊နစ်နာကြေးစုစုပေါင်း ကျပ်သိန်းပေါင်း နှစ်သောင်း ခြောက်ထောင်ခန့် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အချိန်မီပေးလျော်နိုင်ရေး နှင့် စတင်တော့မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းပေါင်း လေးသောင်းငါး ထောင်ခန့် အလျင်အမြန် ပေးလျော်နိုင်ရေး စိစစ်ဆုံးဖြတ်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကိုဆွေးနွေးဆောင်ရွက်ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်များအတွက် စုစုပေါင်း လျော်ကြေးပမာဏ ငွေကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)