Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့ငွေတောင် တောရကျောင်းတိုက်၌ဖွင့်လှစ်ထားသည့် ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းပျက်စီးမှု သဘာဝဘေးကာလအလွန်တွင် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ်အတွင်းရှိ ယာယီရေဘေးကာကွယ်ရေးစခန်းရှစ်ခုရှိလူဦးရေ ၇၈၃၇ ဦး တို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈၇ ဒသမ ၆၅၅ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ကြွပ်၊ ပေါင်မုန့်၊ ဘီစကွတ်မုန့်များ၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် Hygienic Kits၊ အဖုံးပါ ပလတ်စတစ်ရေပုံး၊ တာပေါ်လင်စနှင့် ကြိုးခွေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများမှ ချုပ်လုပ်သည့် အဝတ်အထည် အစုံ ၃၀၀ နှင့် ဖိနပ် ၇၃၃ ရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးမှုနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာသို့ သွားရောက်ကာ လူနေအိမ်ပျက်စီးမှုများ၊ ကျွဲ၊ နွား တိရစ္ဆာန်များသေဆုံးမှုအခြေအနေ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော ချောင်းခွကျေးရွာအဝင် နဝင်းချောင်းတံတား(ချောင်းခွ)နှင့် ချဉ်းကပ်လမ်းများ ရေတိုက်စားပျက်စီးမှုနှင့် ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေများရရှိရေးတို့ကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတော-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားပျက်စီးနေမှု၊ ရေအေး-ညောင်ပင်သာကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်ရေကျော် ရေတိုက်စားပျက်စီးမှုနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်- ဇီးကုန်း-လေသာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေ ချောင်းကူးတံတား ချဉ်းကပ်လမ်းများ ရေတိုက်စားပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမြန်ဆုံးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ဇီးဖြူပင်၊ သစ်ဆိမ့်ပင်၊ နှမ်းတော၊ ပေါစံခေါ့ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြား၍ အဆိုပါကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၆၆ ဒသမ ၄၅ သိန်းတန်ဖိုးရှိ ဆန်အိတ် ၆၀၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များဖြန့်ဝေပေးမှု၊ ပေါစံခေါ့ကျေးရွာ၌ တပ်မတော်နှင့် လူမှုကူညီရေးအသင်းများက ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၆၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်း ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်း ယာယီရေဘေးကာကွယ်ရေးစခန်းရှိ သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၈၄ ဒသမ ၁၃ သိန်းတန်ဖိုးရှိ ဆန်၊ ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လယ်ဝေးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူအားလုံးအတွက် ဆန်အိတ် ၄၇ အိတ်ကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်