နေပြည်တော် စက်တင်ဘာ ၁၃
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရုတ်တရတ်ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာနယ်မြေအလိုက် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းများ၌ ပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများ၌ ကူညီကယ်ဆယ်နေရာချထားပေးကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားရေရိက္ခာများဝေငှခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ရေကြီးရေလျှံမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)သည် ဆင်သေချောင်းတစ်လျှောက် ရုတ်တရတ်ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင်(Pier)များ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)အပြင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကိုလည်း အများပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်၌ ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများအား ယာယီရေဘေးရှောင်စခန်းများသို့ ကူညီပြောင်းရွှေ့ပေးထားမှု အခြေအနေများကို မေးမြန်းကာ ရေဘေးသင့်ပြည်သူများ၏ နေရေးနှင့် စားရေးအဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးသွားရန်နှင့် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၏ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သိုက်ချောင်းကျေးရွာမှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ စိုက်ဧကများ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများ၊ ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုများ၊ ပင်လောင်းလမ်းဆုံနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ လှေခွင်းတောင်သို့ဝင်ရောက်သည့် လမ်းပိုင်းနေရာများတွင် ရေကျော်ဖြစ်ပေါ်နေမှုအခြေအနေများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှုအခြေအနေများ၊ ကျောက်ချက်တံတား(ဆင်သေချောင်းကူး)ပေါ်မှတဆင့် ဆင်သေချောင်းအတွင်းရေများ အဆက်မပြတ်စီးဆင်းနေမှုအခြေအနေများ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်းကျေးရွာနှင့် ပေါက်တောကျေးရွာလမ်းကြောင်းတစ်လျှောက် လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေကြီးရေလျှံမှုများကြောင့် လမ်းများ၌ သစ်ပင်/သစ်ကိုင်းများ ပိတ်ဆို့နေမှုများကို အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရန်လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်မှသာလျှင် ရေဝပ်မှုများကျဆင်းသွားမည်ဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားအင်အား၊ လူအင်အားများကို အင်ပြည့်အားပြည့်ဖြင့် အသုံးပြုဆောင်ရွက်သွားရန်လိုကြောင်း၊ စက်ယန္တရားများရှိသည့် ဝန်ကြီးဌာနများနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့များမှ စက်ယန္တရားများ ထပ်မံထုတ်ယူ၍ ရေစီးရေလာကောင်းမွန်အောင် ရေလမ်းကြောင်းအမြန်ရှင်းလင်းရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အေးမြင့်သာယာတံတား(ဆင်သေချောင်းကူး)သို့ ရောက်ရှိကြပြီး ရေစီးအားကြောင့် တံတားချဉ်းကပ်လမ်းမြေကာနံရံပဲ့ကျပျက်စီးနေမှုအခြေအနေများနှင့် ဆင်သေချောင်းအတွင်း သစ်ပင်၊ သစ်တုံးများ မျောပါပြီး တံတားအောက်ခြေတိုင်များတွင် ပိတ်ဆို့နေမှုများကို ဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တံတားများနှင့် လမ်းများအားလုံး ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများပိုမိုမြန်ဆန်မှုရှိစေရေး စက်ယန္တရားများကို ထိရောက်စွာ အသုံးပြုသွားရန်လိုကြောင်းနှင့် ရေဖုံးလွှမ်းခဲ့သည့် လမ်းတစ်လျှောက် တင်ကျန်ခဲ့သည့် ရွှံ့နွံများ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တာဝန်ရှိသူများအား နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ . အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ယနေ့နံနက်ပိုင်းမှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။