နေပြည်တော် စက်တင်ဘာ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျေးရွာ ၁၅၁ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၂၂၁ ရွာတွင် ယခင်နှစ်ကထက် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းများ ဖွင့်လှစ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်များက ဒေသအလိုက် ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအပေါ်မူတည်ပြီး ဒေသခံများ၏လိုအပ်ချက်အရ သင်တန်းအမျိုးအစားကို ရွေးချယ်ဖွင့်လှစ်ပေးနေကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် ဘာသာရပ်များကိုအသုံးချပြီး ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသား ၃၀ တက်ရောက်ပြီး သက်ဆိုင်ရာ ကျေးရွာများတွင် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးသွား မည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားငါးဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံ၌ ဘက်စုံခြံအတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အသားတိုး ကြက်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ရောဂါများ မကျရောက်စေရေး၊ ကြီးထွားမှုနှုန်းများ ကောင်းမွန်စေရေးနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမွန်စေရေး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်