နေပြည်တော် စက်တင်ဘာ ၁၂
ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ် ကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးအမှတ် (၃၆-ခ) အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားစီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများထပ်နေခြင်း ရှိ၊ မရှိ၊ ဆောင်ရွက်ရန် လို၊ မလို၊ မဖြစ်မနေ အမြန်ဆောင်ရွက် ရန်လုပ်ငန်းများ၊ ဦးစီးဌာနများ ပေါင်းစပ်ဆောင်ရွက်သင့်သည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခုလိုပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည့်အတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သကဲ့သို့ မြေပြင်တွင်တွေ့ကြုံရသည့် အခက်အခဲများကို အလွယ်တကူ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်သို့သွားရောက်၍ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကွမ်းခြံစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၏ မိုးစပါးစိုက်ဧက ၁၁၉ ဧက ရေကြီးနစ်မြုပ်နေမှုနှင့် အလယ်ကျွန်း၊ ပေါက်မြိုင်၊ အောင်သုခ၊ ရှမ်းရွာ၊ ဗိုလ်ကတော်၊ ဇီးဖြူတန်းကျေးရွာခြောက်ရွာမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက စုစုပေါင်း ၈၄၅ ဧက ရေကြီးနစ်မြုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ရေကျချိန်အပေါ် မူတည်၍လိုအပ်သည့် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကွမ်းခြံရွာနှင့် လက်ပံကုန်းရွာတို့မှ ရေဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး၍ ရေဘေးဒုက္ခသည်များ ယာယီထားရှိမည့် သရက်တောဘုန်းကြီးကျောင်းတိုက်နှင့် ဂိုင်းတောင်ဘုန်းကြီးကျောင်းများ၌ လိုအပ်သည်များကို ကူညီပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်