နေပြည်တော် စက်တင်ဘာ ၁၂
၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ တာဝန်ရှိသူများ၊ ထူးချွန်ဆုရရှိသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာစိတ်အပြည့်ဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးရုံသာမက နိုင်ငံအတွင်း လူမှုကရုဏာဆိုင်ရာ အကူအညီ လိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ စေတနာ သွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ မိုခါမုန်တိုင်းကြိုတင် ပြင်ဆင်တုံ့ပြန်ခြင်း လုပ်ငန်းများတွင်လည်း ပြည်သူလူထုအတွက် စွမ်းစွမ်းတမံအသက်စွန့်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ထို့ပြင် မကြာမီကဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် ကာလများတွင်လည်း ကာကွယ်တားဆီးခြင်းနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများအဖြစ် အသင်းတွင်ရှိသည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များက ရပ်ရွာအတွင်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်း၊ လူနာများအား ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ကလိုရင်းဆေးခတ်ရာတွင် ကျန်းမာရေးဌာနနှင့်အတူ ကူညီဆောင်ရွက်ပေးခြင်း၊ ဓာတ်ဆားထုပ်များနှင့် ကလိုရင်းဆေးမှုန့်များထောက်ပံ့ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ယခုမျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်လည်း ပြည်သူလူထုအတွက် ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရပါကြောင်း။
ကြက်ခြေနီ မောင်မယ်တို့အနေဖြင့် မိမိတို့ပိုင်နိုင်စွာ တတ်ကျွမ်းထားသည့် ရှေးဦးပြုစုခြင်း နည်းစနစ်များကို အများပြည်သူအားလုံးလက်လှမ်းမီ သိရှိသင်ယူနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ရှေးဦးပြုစုခြင်း ပြိုင်ပွဲကနေရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့၏တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြန်လည်ပြီးမျှဝေပေးကြရန်၊ လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သော ပြည်သူတိုင်းအတွက် ကြက်ခြေနီ၏အခန်းကဏ္ဍကနေ သက်ဆိုင်ရာဝန်ကြီးဌာန အားလုံးနှင့်တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Myanmar Delegation Ms. Nadia Christine Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ First Aid and Pre – Hospital Emergency Care Delegate Mr. Andrew Mok Yuan Min တို့က နှုတ်ခွန်းဆက်စကားပြောကြားကြကာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်း (တစ်ဦးချင်း-အမျိုးသား) စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများနှင့် တံခွန်စိုက်ဆုရရှိသော တိုင်းဒေသကြီး/ ပြည်နယ်အား ဆုများပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် IFRC Head of Myanmar Delegation တို့က ဆုများ ဆက်လက်ပေးအပ်ချီးမြှင့် ကြသည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းကိုလှည့်လည် ကြည့်ရှုအားပေးကြသည်။
ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းဝင်နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နှစ်တစ်နှစ်၏ စက်တင်ဘာလ ဒုတိယပတ်စနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် (၂၂) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ “အားကစားအတွက် အမြဲကူညီရှေးဦးပြုစုခြင်း အသင့်ရှိသည်” “First Aid and Sports Ready, Set, Respond” ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်