Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးဖြစ်ပေါ်ခဲ့မှုအခြေအနေ ကွင်းဆင်းကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၃၀၁၊ ၃၀၂၊ ၃၀၃၊ ၃၀၄၊ ၃၀၅) နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅) တာဝါတိုင်များသည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရာနှုန်းပြည့်ပြီးစီးနိုင်ရေးဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်း ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ ပြိုလဲပျက်စီးနေသည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ပြိုလဲပျက်စီးခဲ့မှု၊ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းကြိုးများ ပြိုလဲပျက်စီးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်း၊ တာဝါတိုင်များ၊ မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများတစ်လျှောက် အသေးစိတ်စစ်ဆေးပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး အင်တိုက်အားတိုက် တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များနှင့် မြို့တွင်းဓာတ်အား ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး သတ်မှတ်ချိန်ပြီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်

အဆိုပါ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အား လိုင်းနှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းတို့သည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့်ကို သယ်ယူပို့ဆောင်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာဒေသများသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းတာဝါတိုင်ကိုးတိုင်နှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးသွားခဲ့၍ အဆိုပါ ဒေသအချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားအမြန်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်း ၄၅၀ ဦးဖြင့် အဖွဲ့ခုနစ်ဖွဲ့ခွဲကာ ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များနှင့် မြို့တွင်းဓာတ်အား ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်