နေပြည်တော် စက်တင်ဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာခန်းမရေဘေးရှောင်စခန်း၊ သပြေတောင်ရေဘေးရှောင်စခန်းနှင့် ပုဗ္ဗသီရိမြို့နယ် မရှိခဏဘုရားတို့တွင် ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးရှောင်စခန်းများတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာထောက်ပံ့ပေးနိုင်ရေး၊ ၂၄ နာရီအချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျလက်ဆေးနိုင်ရေး၊ သန့်စင်သည့်ရေကို သောက်သုံးနိုင်ရေး၊ ရေသန့်စင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အစားအစာများကို သန့်ရှင်းစွာနှင့် ပူပူနွေးနွေးစားသုံးနိုင်ရေး အမှိုက်များကို အဖုံးပါသည့်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး၊ ကူးစက်ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးရေးနှင့် ဆေးရုံသို့လွှဲပြောင်းကုသရန်လိုအပ်သည့် လူနာများကို အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များကြောင့် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ရာ နေပြည်တော်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနအနေဖြင့် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များရှိ ရေဘေးရှောင်စခန်း ၃၅ ခုတွင် ဆရာဝန် ၂၁ ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း ၁၂၇ ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းပြီးနောက်တွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန် တုပ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ရေတွင်းရေကန်များကို ရေဆိုးထုတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းနှင့် ခြင်ကျားလောက်လမ်းများ နှိမ်နင်းရန်အတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်