Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံပြီး အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေသည့် ကျေးရွာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည့်လူနှင့် ပစ္စည်းများရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး ဘေးလွတ်ရာသို့ရောက်ရှိလာသည့် ပြည်သူများအား နိုင်ငံတော်မှဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်သိမ့်အားပေး စကားပြောကြားသည်။

ကနဦးသတင်းရရှိမှုများအရ နေပြည်တော်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အိမ်ထောင်စု ၁၅၀၀၀ ကျော်၊ လူဦးရေ ၆၇၀၀၀ ကျော် ရေဘေးသင့်နေကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ် အရှေ့ဘက်ရှိဓမ္မာရုံတွင် ယာယီရေဘေးရှောင်လျက်ရှိသည့် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ စားနပ်ရိက္ခာများနှင့် လိုအပ်ချက်များကို ထောက်ပံ့ပေးအပ်ကာ အားပေး စကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်သို့ တက်ရောက်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အသိပညာပေးအစီအစဉ်မှရရှိခဲ့သော သဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို မိမိတို့၏ မိသားစု၊ ဆွေမျိုးများ၊ ပတ်ဝန်းကျင်ထံ လက်ဆင့်ကမ်းပေးကြရန် မှာကြားသည်။

အသိပညာပေးအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်တစ်ခုချင်းအလိုက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ထင်ရှားသည့်သဘာဝ ဘေးကြီးများနှင့် အသိပညာပေး Light Box များနှင့် ဘေးဒဏ်ခံနားခိုရာ အဆောက်အဦများ၏ ပုံစံငယ်များကို ခင်းကျင်းပြသခြင်း၊ သဘာဝဘေးအသိပညာများ တိုးပွားစေရေး ဉာဏ်စမ်းပဟေဠိ မေးခွန်းများဖြေဆိုခြင်း၊ Risk Land Game ကစားခြင်း၊ အရေးပေါ်အိတ် ပြင်ဆင်ခြင်းကို လက်တွေ့ကစားခြင်းနှင့် Online Game ဖြင့် ကစားခြင်းတို့ကိုပါဝင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်