Skip to main content

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၂

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း ၁၄၀၀၀ ကျော်ဖြင့်ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၅၄၀၀ ကျော်ဖြင့် ကောက်ယူရန်လျာထားကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက်မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေ ဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်အသိပေး ရှင်းလင်းချပြထားရန်လိုအပ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို သိရှိနားလည်ထားကြရန်လည်း လိုအပ်ကြောင်း။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်မည့် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အချက်အလက်မှန်ကန်ရေးသည် အဓိကကျပါကြောင်း၊ ထို့ပြင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင်လည်း မြေပြင်ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအချက်အလက်များနှင့်တိုက်ဆိုင်၍ နှိုင်းယှဉ်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကွင်းဆင်းကောက်ယူဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့မှရရှိသည့် သန်းခေါင်စာရင်း အချက်အလက်များအပေါ်အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ပြည်သူလူထုအသိပညာပေး TV Spot များကို ပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးကလက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ပုသိမ်ခရိုင် သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းသို့သွားရောက်၍ ပြည်ထောင်စုဝန်ကြီးက နည်းပြသင်တန်းမှ ဆွေးနွေးပို့ချချက်များနှင့် မိမိတို့၏ အတွေ့အကြုံဗဟုသုတများပေါင်းစပ်ကာ စာရင်းစစ်၊ စာရင်းကောက်များအပေါ် ဆင့်ပွားပို့ချဆွေးနွေးနိုင်ရေးနှင့် ကြုံတွေ့လာသည့် အခက်အခဲ များအပေါ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ရေးမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

လှည့်လည်ကြည့်ရှုအားပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ မေးခွန်းများနှင့်ပတ်သက်သည့် သင်ခန်းစာများဆွေးနွေးပို့ချနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်