ရန်ကုန် စက်တင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ သာကေတမြို့နယ် SKT International School ရှိ စာသင်ခန်းများ၊ စားသောက်ခန်းမ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစားခန်း၊ Theatre ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ အဆိုပါကောလိပ်မှ ဆရာ ဆရာမများနှင့်လည်းကောင်း တွေ့ဆုံအမှာစကားပြောကြားသည်။
တိုက်တွန်းမှာကြား
ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူများသည် ဆရာ ဆရာမများ ဖြစ်လာကြသည့်အခါ နေထိုင်ပြုမူပြောဆိုဆက်ဆံမှုတွင် ကျောင်းသား ကျောင်းသူများအတွက် စံနမူနာပြဖြစ်ရန်လိုအပ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာတတ်ပြီး စည်းကမ်းကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ ရှိလာအောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ယူနေသည့် ဘာသာရပ်များကို တန်ဖိုးထားပြီး ထူးချွန်ထက်မြက်စေရန် ကြိုးစားသင်ယူကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
သတင်းစဉ်