Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E.Mr.Igor Krasnov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (9th Eastern Economic Forum– EEF) သို့ တက်ရောက်ခဲ့သည်။

လက်မှတ်ရေးထိုး

စက်တင်ဘာ ၄ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖိုရမ်၏ဆက်စပ်အစီအစဉ်အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအစီအစဉ်တွင် နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာအရင်းအမြစ်များ ဖလှယ်နိုင်ခြင်း၊ နိုင်ငံတကာအလေ့အထကောင်းများ သိရှိလေ့လာကျင့်သုံးနိုင်ခြင်းနှင့် ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ပါဝင်သဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုများကို ရရှိလာစေနိုင်မည်ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်

စက်တင်ဘာ ၅ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌသည် စွန့်ဦးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ရည်ရွယ်ကျင်းပ သည့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အဂတိလိုက်စားမှုသည် မျှတစွာယှဉ်ပြိုင်နိုင်သည့် ဈေးကွက်စီးပွားရေးစနစ်၏ အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် စွန့်ဦးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝအကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်း ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မဟာဗျူဟာစီမံချက်များချမှတ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် ကဏ္ဍအားလုံး ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်