နေပြည်တော် စက်တင်ဘာ ၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် MSME များအပါအဝင် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီဆန်းသစ်သည့် နည်းပညာများကို အရည်အသွေးပြည့်မီစွာ အသုံးချနိုင်မည့် လူငယ်ပညာရှင်များ ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၌ ကျင်းပသော မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ Skills Dissemination Training on Industrial Internet of Things (IIoT) နှင့် Automation Technology သင်တန်းဖွင့်ပွဲအခမ်းအနားကို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် ဗဟုသုတများ တန်းတူမျှဝေနိုင်ရေး၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးမြှင့်တင်နိုင်မှုတို့အတွက် အရေးပါလှကြောင်း၊ ယနေ့ခေတ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ မြန်ဆန်လျက်ရှိပြီး Fourth Industrial Revolution (IR 4.0)သည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများနှင့်အတူ စိန်ခေါ်မှုများကိုပါ ယူဆောင်လာကြောင်း၊ သို့ဖြစ်ရာ ခေတ်မီနည်းပညာများကို အမှန်တကယ် ကျွမ်းကျင်ကာ စံနှုန်းများပြည့်မီသည့် နည်းပညာရှင်အရင်းအမြစ်များကို ပြုစုပျိုးထောင်ရန် လိုအပ်လာပါကြောင်း၊ သင်တန်းတွင် ပူးပေါင်းဆောင်ရွက်ကြသည့် ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ သင်တန်းသားများကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ သင်တန်းတွင် Industrial Internet of Things (IIoT) နှင့် Automation Technology များနှင့်စပ်လျဉ်း၍ နည်းပညာ ကျွမ်းကျင်မှုများအပြင် ဆန်းသစ်သည့် အတွးအမြင်များကို သင်ယူရုံသာမက အချင်းချင်းရင်းနှီး ပွင့်လင်းစွာ ဖလှယ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်တန်းဆိုင်ရာ အကျဉ်းချုပ်အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး သင်တန်းဆရာများက မိတ်ဆက်စကားများ ပြောကြားသည်။
အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၉ ရက်မှ ၂၀ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်