နေပြည်တော် စက်တင်ဘာ ၁၆
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား ညီအစ်ကို မောင်နှမများ မဲဆန္ဒရှင်မိဘပြည်သူ များ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေး ပါစေလို့ ဦးစွာဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။
ကျွန်တော်ကတော့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၏ဥက္ကဋ္ဌ ဦးဇော်မင်း ဖြစ်ပါတယ်။
၁။ ရည်ရွယ်ချက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဖြစ်ပါသည်။
ဤရည်ရွယ်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး နိုင်ငံသူ နိုင်ငံသားများ စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ၍ အကောင်အထည် ဖော်ဆောင်မည်။
၂။ ယုံကြည်ချက်
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည်လက်ခံထား ပါသည်။
မဲဆန္ဒရှင်များခင်ဗျား
၃။ မူဝါဒ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အမျိုးသားရေးမူဝါဒ ။ ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ထားပြီး ဖွံ့ဖြိုး တိုးတက်ပြီး ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
(ခ) နိုင်ငံရေးမူဝါဒ ။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မွေးဖွားပြီး ဘိုးစဉ် ဘောင်ဆက် မှီတင်းနေထိုင်ကြသော နိုင်ငံသူ/နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးပါမည်။
(ဂ) စီးပွားရေးမူဝါဒ ။ ။ လွတ်လပ်ပြီး တရားမျှတသော ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးမည်။
(ဃ) နိုင်ငံခြားရေးမူဝါဒ ။ ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို ဦးထိပ်ထားပြီး လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပါမည်။
(င) ကာကွယ်ရေးမူဝါဒ ။ ။ အမိနိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ အပြည့်အဝကာကွယ်နိုင်စွမ်းရှိအောင် အစဉ်ကြိုးပမ်း ဆောင်ရွက်သွားပါမည်။
(စ) လူ့အခွင့်အရေးဆိုင်ရာမူဝါဒ ။ ။ အခြေခံဥပဒေနှင့်အညီ နိုင်ငံသူ နိုင်ငံသားတိုင်း၏ အခြေခံလူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဖော်ဆောင်ပေးမည်။
(ဆ) ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒ ။ ။ ဘာသာတိုင်း၏ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို လေးစားစွာ လိုက်နာဖော်ဆောင်မည်။ လူမှုရေးပရဟိတလုပ်ငန်းများကို အားပေးကူညီဆောင်ရွက်မည်။
(ဇ) ပညာရေးမူဝါဒ ။ ။ တစ်မျိုးသားလုံးပညာရည်မြင့်မားပြီး နိုင်ငံတကာ အဆင့်မီအောင် ထာဝစဉ် ကြိုးပမ်းဆောင်ရွက်သွားမည်။ စွမ်းရည် မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံ၍ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်မည်။
(ဈ) ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ။ ။ ကျွန်ုပ်တို့ပါတီ၏ နိုင်ငံရေးမူဝါဒနှင့် ကိုက်ညီသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားပါမည်။
(ည) ကျန်းမာရေးမူဝါဒ ။ ။ နိုင်ငံသူ/နိုင်ငံသားများအားလုံး သက်ရှည်ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်။
(ဋ) ယဉ်ကျေးမှုဆိုင်ရာမူဝါဒ ။ ။ စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာအမွေ အနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်သွားပါမည်။
မဲဆန္ဒရှင်များခင်ဗျား
ပါတီလုပ်ငန်းစဉ်များ
(က) အမျိုးသားရေးလုပ်ငန်းစဉ် ။ ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ပါ မည်။
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ထာဝစဉ်တည်တံ့ ခိုင်မြဲရေးအတွက် အခြေခံ ဥပဒေပါ “နိုင်ငံတော်၏ နယ်မြေအပိုင်း အခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့် အခါမှခွဲ မထွက်ရ” ဆိုသည့် ပြဋ္ဌာန်းချက်ကို လေးလေးနက်နက်ကိုင်စွဲပါမည်။
(၂) နိုင်ငံသူ/နိုင်ငံသားများ၏ ဒေသအားလုံးကို လူမှုစီးပွားရေး အခြေခံအဆောက်အအုံများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းအောင် ကြိုးပမ်းဆောင်ရွက်ပေးပါမည်။
(ခ) နိုင်ငံရေးလုပ်ငန်းစဉ် ။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားပါမည်။
(၁) လူ့အခွင့်အရေးသတ်မှတ်ချက်များနှင့်အညီ လူ့အခွင့်အရေးများ ထွန်းကားပြန့်ပွားရေးကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားပါမည်။
(၂) မြန်မာ့လူ့ဘောင်သစ်အတွင်း လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို ဟန်ချက်ညီညီ လက်တွေ့ကျင့်သုံးသည့် ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားလာရေး အတွက် အစဉ်ဆောင်ရွက်သွားပါမည်။
(၃) နိုင်ငံတော်အချုပ်အခြာအာဏာ၏ အဓိကမဏ္ဍိုင် သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို အချင်းချင်းအပြန်အလှန် လေးစားထိန်းကျောင်း ခြင်းများ ဆောင်ရွက်သွားပါမည်။
(ဂ) ကာကွယ်ရေးလုပ်ငန်းစဉ် ။ ။ အမိနိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ အပြည့်အဝကာကွယ်နိုင်စွမ်းရှိအောင် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
(၁) မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်ကြီးဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်ပါ မည်။
(၂) အမိနိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် နိုင်ငံသူ/ နိုင်ငံသားများ အားလုံးပါဝင် နိုင်အောင် စီမံဆောင်ရွက်သွားပါမည်။
(ဃ) စီးပွားရေးလုပ်ငန်းစဉ် ။ ။ နိုင်ငံတော်တွင် လွတ်လပ်ပြီး တရားမျှတသော ဈေးကွက် စီးပွားရေးစနစ်တစ်ရပ် ပီပြင်စွာဖြစ်ပေါ်လာစေရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက် သွားပါမည်-
(၁) အစိုးရ၊ ဒေသဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂလိကစသည့် စီးပွားရေး အင်အားစုများအားလုံး သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် မျှမျှတတ ပါဝင်ဆောင်ရွက်ခွင့်ရရှိအောင် အမြဲ ဆောင်ရွက်သွားပါမည်။
(၂) ဈေးကွက်စီးပွားရေးကို ကျင့်သုံးရာတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းအား ပျက်ပြားစေမည့် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ၊ လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားခြင်း စသည့် လုပ်ဆောင်မှုများကို တားဆီးကာကွယ်သွားပါမည်။
(၃) ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားမှုများကို လျှော့ချ နိုင်ရေးအတွက် အဓိက ဆောင်ရွက်သွားပါမည်။
(၄) နိုင်ငံသူ/နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို ဥပဒေဖြင့် ကာကွယ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားပါမည်။
(၅) ပြည်သူများအားလုံး စားဝတ်နေရေး ဖူလုံပြီး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ တစ်ဦးချင်းဝင်ငွေ တိုးပွားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ပါမည်။
လေးစားအပ်ပါသော မဲဆန္ဒရှင်များခင်ဗျာ--- ကျွန်တော်တို့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းများသည် ဗိုလ်တထောင်မြို့နယ်က ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ဗိုလ်တထောင်သား များ မဲပေးကြပါလို့ ပန်ကြားအပ်ပါတယ်။
(အောင်မြင်ပါစေ မြန်မာပြည်သာယာပါစေ မြန်မာပြည်ချမ်းသာပါစေ မြန်မာပြည်)
နိဂုံးချုပ်
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် နိုင်ငံတကာ အတွေ့အကြုံ၊ ပြည်တွင်း အတွေ့အကြုံများကို ပေါင်းစပ်၍ လူ့စွမ်းအား အရင်းအမြစ်ကို အခြေခံကာ နိုင်ငံတော်အပေါ် သစ္စာထားပြီး စီးပွားရေးကို တစ်ဟုန်ထိုး တိုးတက်ရန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီကို မဲထည့်ပြီး အားပေးကြပါလို့ တိုက်တွန်းရင်းနှင့် နိဂုံးချုပ်ပါသည်။
မိဘပြည်သူအပေါင်းတို့ - ကောင်းသော လိုအင်ဆန္ဒ ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။