Skip to main content

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၆

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ၊ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးသန်းဌေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မိဘပြည်သူများခင်ဗျား -ကျွန်တော်ကတော့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၂) ဦးဦးသန်းဌေး ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံး မှာရှိကြတဲ့ မဲဆန္ဒရှင်တိုင်းရင်းသား မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်း မေတ္တာပို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပါတီဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရည်ရွယ်ချက်။

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွင်း လျှောက်ထားခဲ့ရာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှစ၍ မှတ်ပုံတင်ခွင့်ပြုခဲ့ကာ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီရဲ့ မှတ်ပုံတင် အမှတ်မှာ (၃၇) ဖြစ်ပါတယ်။ ကျွန်တော်တို့ ခမီလူမျိုးစုတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွေမှာ အဓိကပျံ့နှံ့နေထိုင် ကြပြီး တော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့တဲ့ လူမျိုးစု ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းခြမ်းမှ လူမျိုးစုပါတီငယ် တစ်ခုဖြစ်ပြီး နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ အခြားသော ပြည်ထောင်စုဖွား တိုင်းရင်းသားများနဲ့အတူ တန်းတူညီမျှ တရား မျှတ လွတ်လပ်ခံစားခွင့်ရရှိရေးအတွက် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းတည်ထောင် ရခြင်း ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ခမီလူမျိုးစုများအနေဖြင့် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး များ (Civil and Political Rights )များ တန်းတူ ညီမျှရေးလိုလားသည့်အတွက် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဖွဲ့စည်းတည်ထောင်ကြရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေတ်ရေစီးကြောင်း အခြေအနေ အချိန်အခါအရ မိမိတို့ ခမီလူမျိုး တွေရဲ့ National Identity (ခေါ်) အမျိုးသားအမှတ်အသားလက္ခဏာ မပျောက် ပျက်အောင် ထိန်းသိမ်း ကာကွယ်ရန် အလို့ငှါ နိုင်ငံရေးပါတီအဖြစ် တည်ရှိလာရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးချုပ်ကတော့ အမှတ်(၁၄၄)၊ ဆင်ကူး လမ်း၊ အကွက်(၁)ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ထားပါတယ်။

ပါတီမူဝါဒများ

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီမူဝါဒကတော့ (၄)ချက် ရှိပါတယ် -

(၁) ကမ္ဘာ့နိုင်ငံများအလယ်၌ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် ထာ၀ရခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ရန်။

(၂) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပီပြင်စွာ ဖော်ဆောင်ကြရာတွင် တိုင်းရင်းသား အချင်းချင်း လက်တွဲဆောင်ရွက်ရန်။

(၃) ခမီလူမျိုးစုတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန် ခွန်စိုက် ဆောင်ရွက်ပြီး အခြားသော လူမျိုးစုများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများကိုလည်း အားပေး ကူညီသွားရန်။

(၄) မိမိတို့၏ ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်နှင့် လျော်ညီစွာ တီထွင်လေ့ကျင့်ပြုစုပျိုးထောင်မှုများ ဆောင်ရွက်ရန်။

တို့ဖြစ်ပါတယ်။

ပါတီ၏ ရှေ့လုပ်ငန်းစဉ် အခြေခံမူများ

ဆက်လက်ပြီး ပါတီရဲ့ မူဝါဒအပေါ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ် အခြေခံမူများကတော့

(၁) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် ဖြစ်သော တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုအားဖြင့် ကမ္ဘာ့အလယ်တွင် ခိုင်မာစွာရပ်တည် သွားနိုင်ရေး ဆောင်ရွက်ရန်။

(၂) ပါတီစုံဒီမိုကရေစီ ဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူရှိမှု၊ အပြန်အလှန် လေးစားမှု၊ ပုဂ္ဂိုလ်ရေးပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အခြေခံ၍ ဆောင်ရွက်ရန်။

(၃) မိမိလူမျိုးစုနှင့် အခြားတိုင်းရင်းသားလူမျိုးစုများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အားသွန် ခွန်စိုက် ဆောင်ရွက်ရန်။

(၄) ပထဝီဒေသကွဲပြားခြားနားမှုအရ လူမျိုးအမည်နာမ အမျိုးမျိုးကွဲပြားနေသော မိမိတို့ လူမျိုးစုများအား တစ်စုတစ်စည်းတည်းဖြစ်အောင် ဆောင်ရွက် သွားရန်။

(၅) မိမိတို့ လူမျိုးစုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါက အခြားသော တိုင်းရင်းသား လူမျိုးစုများနှင့်ဖြစ်စေ၊ အခြားသော တိုင်းရင်းသားအဖွဲ့ အစည်းနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက် သွားရန်တို့ ဖြစ်ပါတယ်။

အထက်က ကျွန်တော့်အနေနဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီဖွဲ့စည်းရခြင်း၊ ရည်ရွယ်ချက်၊ ပါတီမူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များကို အကျဉ်းချုပ် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု ဆက်လက်ပြီးတော့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံ (သို့မဟုတ်) ခမီအမျိုးသား အလံတော်နှင့် ခမီ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီရဲ့ သင်္ကေတ (Logo) ကို တင်ပြသွားမည် ဖြစ်ပါတယ်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံတော်ကို အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင် အရောင်(၃)မျိုးဖြင့် အချိုးညီစွာ အလျားလိုက် ကန့်လန့်ဖြတ် ရောစပ်ထားပြီး အထက်ကွက်မှာ အပြာရောင်၊ အလယ်ကွက်မှာ အဖြူရောင်နဲ့ အောက်ခြေမှာတော့ အစိမ်းရောင် ဖြစ်ပါတယ်။ အလံတော်ရဲ့ အထက်ကွက် အပြာရောင် လက်ဝဲဘက်ထောင့်မှာ အနီရောင် မိုးသောက် ကြယ်ပြောင် တစ်လုံးပါ ပါတယ်။ ၎င်းမိုးသောက် ကြယ်ပြောင်ကို ခမီလူမျိုးတို့က “မခီအာ့ဆီမ်လ်” ခေါ်ပါတယ်။

အလံတော်ရဲ့ အပြာရောင် အဓိပ္ပာယ်ဟာ မိုးကောင်းကင်ကို ရည်ညွှန်းပြီး အေးချမ်းတည်ငြိမ် သော သဘောကိုဆောင်ပါတယ်။ မိုးသောက်ကြယ်ပြောင် အနီရောင်ကတော့ ရဲရင့်တက်ကြွ ပြတ်သားခြင်း အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အဖြူရောင်ကတော့ စိတ်ဓာတ်ဖြူစင်ခြင်းကို ညွှန်းဆိုပြီး ဖြူစင်ရိုးသား ဖြောင့်မတ်ခြင်း အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အလံတော်ရဲ့ အောက်ခြေ အစိမ်းရောင်ကတော့ ကမ္ဘာမြေကြီးကို ညွှန်းဆိုပြီး စိမ်းလန်းစိုပြည်တည်ငြိမ် သန့်ရှင်းခြင်း အဓိပ္ပာယ်ကို ဆောင်ပါတယ်။

ပါတီ၏အထိမ်းအမှတ်တံဆိပ်

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထိမ်းအမှတ်တံဆိပ်ကတော့ ခမီဘာသာစကားနဲ့ “ဝမယက်” ခေါ်ပြီး မြန်မာလိုတော့ ငှက်ဝါဖြစ် ပါတယ်။ နောက်ခံအပြာရောင်နဲ့ သစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်ဝါပုံကို ဖော်ထားပါတယ်။ တည်ကြည်ခြင်း၊ အေးချမ်းခြင်း သဘောကို ဆောင်ပါ တယ်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ဆောင်ပုဒ်

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီက ကျင့်သုံးနေတဲ့ ပါတီဆောင်ပုဒ်ကတော့ “စုပေါင်း ဆွေးနွေး တစ်ဦးချင်းတာ၀န်ယူ” ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်သော ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့မှာ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် (၃) မြို့နယ် အတွင်းမှာ အမျိုးသား လွှတ်တော်(၁)နေရာ၊ ပြည်သူ့လွှတ်တော်(၁)နေရာနှင့် ပြည်နယ်အမှတ်(၁)မဲဆန္ဒနယ် (၁) နေရာ ၀င်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ အရွေးချယ်ခံ မည့် မြို့နယ်နှင့် ကိုယ်စားလှယ်လောင်းများကတော့ မြောက်ဦးမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ဦးဖြူထွန်း၊ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဦးထွန်းလှကျော်နှင့် ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှာ ဦးကံစိန်တို့ပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူများ နဲ့ ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင် တိုင်းရင်းသား ညီအစ်ကိုအပေါင်းတို့ ခင်ဗျား -

ကျွန်တော်တို့ ခမီလူမျိုးစုများဟာ ရခိုင်ပြည်မှာ နောင်တော် ရခိုင်လူမျိုးများနဲ့ ရှေးပဝေသဏီ ကတည်းက မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ သမိုင်းရှည်ကြာ အတူယှဉ်တွဲ နေထိုင် လာခဲ့ကြ တဲ့ ဆွေမျိုးရင်းချာ ညီအစ်ကိုတွေ ဖြစ်ကြပါတယ်။ ဒီကနေ့ ပါတီစုံဒီမိုကရေစီစနစ်တွင် ရခိုင် ပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ ရခိုင်ပြည်ဖွား ညီအစ်ကိုတိုင်းရင်းသားလူမျိုးစုများအားလုံး ငြိမ်းချမ်းသာယာ စည်ပင်ဝဖြိုးစေဖို့အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရေး တစ်ဦးနှင့် တစ်ဦး လူမျိုးစု တစ်စုနဲ့တစ်စု ရိုင်းပင်းကူညီ ဖေးမဆောင်ရွက်ရေးဟာ အင်မတန်မှ အရေးကြီး လှပါတယ်။

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီအနေနဲ့ သမိုင်းပေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပြည်နယ်အကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းတွေမှာ ကျရာအခန်းကဏ္ဍကနေ ပူးပေါင်း ပါဝင်ဆောင်ရွက်ချင်ပါတယ်။ ကျွန်တော်တို့ ပါတီဟာ ရခိုင်မျိုးနွယ်စုဝင် လူမျိုးစုငယ် ပါတီတစ်ခု ဖြစ်သည့် အားလျော်စွာ ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့ အကျိုးစီးပွား များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခွင့် ရရှိရေးအတွက် ငှက်ဝါ အမှတ်တံဆိပ်ဖြစ်တဲ့ ခမီအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး ပါတီကို ဆန္ဒမဲပေး အားပေးဝန်းရံ ပေးကြပါလို့ မေတ္တာရပ်ခံတိုက်တွန်း နှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ကျွန်တော်တို့ ရခိုင်ပြည်နယ်သူ/သား မဲဆန္ဒရှင် မိဘပြည်သူ ညီအစ်ကို မောင်နှမများနဲ့တကွ ပြည်ထောင်စုတစ်ဝန်း ညီနောင်တိုင်းရင်းသားများ အားလုံးဘေးဘယာဝေးကွာ၍ ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။