Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် စက်တင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၆)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် နှစ်စဉ် ဦးစီးဦးဆောင်လုပ်ပြီး ကျင်းပဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအလိုက်၊ ဌာနအလိုက် မိုးရာသီသစ်ပင်စိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိသက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး စသည့်တိုက်ရိုက်အကျိုးကျေးဇူးများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း။

“မိုးပေါ်ကရေ၊ မြေပေါ်ကတော၊ မိုးရေကို ငွေလိုစု၊ ရွှေဥတဲ့ တော” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် ရေအရင်းအမြစ်များ၊ ရေသယံဇာတများကို ထိန်းသိမ်းပေးသည့်အတွက် အလွန်အဖိုးတန်လှကြောင်း၊ သစ်ပင်များ၏ အမြစ်များသည် မြေဆီလွှာကို ကုတ်တွယ်ထိန်းသိမ်းထားပြီး ရွက်အုပ်ပင်စည်များနှင့်အတူ မြေပြင်တွင် ရေစီးဆင်းမှု၊ ရေစိမ့်ဝင်မှုများကို ထိန်းချုပ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် သဘာဝရေစစ်ကန်၊ ရေလှောင်ကန်များသဖွယ် အကျိုးပြုလျက်ရှိပြီး စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိကြောင်း။

ရေချိုအရင်းအမြစ်များဖြစ်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်တာတမံများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသရှိ သစ်ပင်သစ်တောများကို ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ “ဆည်မြောင်းချောင်းကန် ရေပြည့်လျှံ ၊ သစ်ပင်ရံမှ သဏ္ဌာန်လှပ မြဲထာဝရ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများရှိမှသာ မြေတိုက်စားမှု၊ ရေတိုက်စားမှုများမှကာကွယ်ပြီး ဆည်များရေရှည်တည်တံ့စေမည်ဖြစ်ကြောင်း၊ လတ်တလောကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများသည် ရေဝေရေလဲသစ်တောများ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးခြင်း၊ နုန်းအနည်အနှစ်များပို့ချမှုများခြင်း၊ ရေစီးရေလာများ ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ပျက်စီးခြင်း၏ အကျိုးဆက်များပင်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရန်၊ အပူဒဏ်လျော့ပါးသက်သာစေရန်၊ ကျေးလက်နေပြည်သူများအတွက် ထင်း၊ တိုင်၊ မျောစသည့် အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရန် သစ်တောစိုက်ပျိုးရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပင်စိုက်တစ်ပင်ရှင်သန်ရေးအတွက် အမြဲမပြတ် ပြုစုထိန်းသိမ်းစောင့်ရှောက်ရန်လည်း အလွန်အရေးကြီးကြောင်း။

ယခုနှစ်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကို လေ့လာကြည့်ပါက ယခင်ကတစ်ခါတစ်ရံသာ ရေကြီးခဲ့သည့်မြို့များ၌ ယခုအခါ နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများ ကြုံတွေ့လာရသည်ကိုတွေ့ရကြောင်း၊ သဘာဝကိုကောင်းအောင်ဖန်တီးသည်မှာ လူသားများဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်ကြောင်း၊ လူသာလျှင်ပဓာနဖြစ်သည့်အတွက် သဘာဝသစ်တောများ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ တောနိမ့်တောပါးနေရာများတွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ရေဝေရေလဲဧရိယာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားကြမယ်ဆိုရင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကာကွယ်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း။

“သစ်တောများသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန် အကျိုးစီးပွားနှင့် အနာဂတ်ဖွံ့ဖြိုးမှု” ဟု ဆိုသည့်အတိုင်း သဘာဝသယံဇာတအမွေအနှစ်ဖြစ်သည့် သစ်တောများကို အားလုံးဝိုင်းဝန်းထိန်းသိမ်းပြုစုစောင့်ရှောက်မှသာ နောင်သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး သဘာဝအရင်းအမြစ်များကြွယ်ဝသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံအဝန်း မြို့ပြများနှင့် ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် စိမ်းလန်း စိုပြည်သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သစ်တောမြေယာရှုခင်း Landscape များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံကရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ နိုင်ငံအဆင့်သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇၆၇၇ ပင်၊ နိုင်ငံနှင့်အဝန်းသစ်ပင်စိုက်ပွဲတော် ၁၅၈၄ ကြိမ်၊ စိုက်ပင်ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိရာ၌ ယခုနှစ်အပါအဝင် နိုင်ငံအဝန်းသစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။