နေပြည်တော် စက်တင်ဘာ ၁၆
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စလျှင် စချင်း မသန်စွမ်းများနှင့် မသန်စွမ်းသူ မိသားစုများ အများနည်းတူ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ချေးငွေများကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးနိုင်ရေး စီစဉ် ဆောင်ရွက် နေမှုများနှင့် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က ချေးငွေများထုတ်ချေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြသည်။
မသန်စွမ်းသူများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဒုတိယသမ္မတ(၂) ဦးစီးသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစီးသော လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့အပြင် ဆပ်ကော်မတီ ကိုးခုဖြစ်သည့် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အလုပ် အကိုင်ရေးရာ ဆပ်ကော်မတီ၊ သုတေသန ဆပ်ကော်မတီ၊ စောင့်ကြည့်အကဲဖြတ် ဆပ်ကော်မတီ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များရေးရာ ဆပ်ကော်မတီ၊ သတင်းအချက်အလက် နည်းပညာနှင့် လွယ်ကူစွာ သွားလာ နေထိုင်အသုံးပြု နိုင်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ သဘာဝ ဘေးနှင့်အခြား အရေးပေါ် အခြေအနေဆိုင်ရာ ဆပ်ကော်မတီနှင့် တရားမျှတမှုရရှိ ပိုင်ခွင့်ဆိုင်ရာ ဆပ်ကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ငါးနှစ် စီမံကိန်းကို လည်းရေးဆွဲ၍ အကောင် အထည်ဖော် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်