Skip to main content

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ ပထမအဆင့် တိုက် ၃၉ လုံးမှ မြေညီထပ်အခန်းများ အွန်လိုင်းမှ မဲနှိုက်နေရာချထား

နေပြည်တော် စက်တင်ဘာ ၁၆

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းဘေး မြို့မဈေး အနီး၌ တည်ဆောက်လျက်ရှိသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း အိမ်ရာ စီမံကိန်း ပထမအဆင့် တိုက် ၃၉ လုံး၏ မြေညီထပ် အခန်းများ မဲနှိုက်နေရာချထားမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ ကျင်းပပြီး အခန်းဝယ်ယူခွင့် ရရှိသူများ သိရှိစေရန် Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သည်။

ဝယ်ယူခွင့်ရရှိသူများကိုယ်စား မဲနှိုက်နေရာချထားမှုနှင့် ပတ်သက်ပြီး အခန်းနေရာချထားရေး ကော်မတီအတွင်းရေးမှူး ဌာနကြီးမှူး ဦးစိုးဝင်းက “ဒီနေ့ မြေညီထပ်အခန်း ၁၅၆ ခန်း အားလုံး ကို မဲနှိုက်ပြီး ဖြစ်ပါတယ်။ မူအရကတော့ အခန်းလျှောက်ထားတဲ့ ဝန်ထမ်းကိုယ်တိုင် မဲနှိုက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုကာလမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ နေတော့ နေရာချ ထားရေးကော်မတီက ကြီးကြပ်ပြီး မဲနှိုက်ပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ မြေညီထပ်နဲ့ ပထမထပ်က ရောင်းလို့ ကုန်ပြီ ဖြစ်ပါတယ်။ ဒုတိယထပ်နဲ့ တတိယထပ်ကတော့ ရောင်းဖို့ကျန်ပါသေးတယ်။ အခုမဲနှိုက်ပြီးသားအခန်းတွေကို အောက်တိုဘာလလောက်မှာ အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကိုဗစ်- ၁၉ ရောဂါအခြေအနေနဲ့ ရာသီဥတု အခြေအနေတွေ ကြောင့် နောက်ကျကောင်း နောက်ကျနိုင်ပါတယ်။ မဲပေါက်သူတွေရဲ့ တိုက်နံပါတ်နဲ့ အခန်းတွေ ကိုလည်း ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားပါမယ်” ဟု ပြောကြားသည်။

ကြေညာပေးထား

ယနေ့ မဲနှိုက်သည့် တိုက် ၃၉ လုံး၏ မြေညီထပ် အခန်း ၁၅၆ ခန်းကို အခန်းဝယ်ယူခွင့် ရရှိသူများကိုယ်စား အငြိမ်းစား ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေး ဦးစီးကော်မတီက မဲနှိုက်၍ နေရာချထားမှုများ ဆောင်ရွက်ခဲ့ပြီး မဲပေါက်သူများ၏ တိုက်နံပါတ်နှင့် အခန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook Page တွင် ကြေညာပေးထားသည်။

ယခုတည်ဆောက်လျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာ စီမံကိန်းသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေး မြို့မဈေး အနီးရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၂၀၀ အနက်မှ မြေဧက ၇၀ ပေါ်တွင် တည်ဆောက်လျက် ရှိပြီး ပထမအဆင့်အနေဖြင့် တိုက်ခန်းပေါင်း ၃၀၀၀ ကျော် ကို စတင်တည်ဆောက်နေကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာအခန်းများမှာ လေးခန်းတွဲ၊ လေးထပ်ပုံစံဖြစ်ပြီး အကျယ် စတုရန်းပေ ၆၅၀ ဖြစ်ကာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ဝရန်တာနှင့် အရေးပေါ်လှေကားတို့ကို ထည့်သွင်းတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုမဲဖောက်တဲ့ တိုက် ၃၉ လုံးရဲ့ တည်ဆောက်မှု အပိုင်းကတော့ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဒုတိယအကြိမ်အနေနဲ့ တိုက် ၆၉ လုံးကို ဆက်လက် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အိမ်ရာနဲ့ ပတ်သက်ပြီး မြေညှိခြင်းလုပ်ငန်းတွေကတော့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ရေသွယ်တန်း တဲ့လုပ်ငန်း၊ လျှပ်စစ်မီးနဲ့ ရေမြောင်းတူးတဲ့ လုပ်ငန်း တွေကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီဇင်ဘာလမတိုင်ခင် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အိမ်ရာတည်ဆောက်ပြီးတဲ့ အချိန်မှာလည်း ရေရှည်တည်တံ့ခိုင်မြဲရေးကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီနဲ့ အိမ်ရာထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်း ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး (အင်ဂျင်နီယာ) ဦးတင်အောင်ငွေက ပြောသည်။

တည်ဆောက်သွားမည်

ယခုတည်ဆောက်လျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာစီမံကိန်း ပထမအပိုင်းကို အောက်တိုဘာလ တွင်လည်းကောင်း၊ စီမံကိန်း ဒုတိယအပိုင်းကို ဒီဇင်ဘာလတွင် လည်းကောင်း၊ စီမံကိန်း တတိယအပိုင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် လည်းကောင်း အချိန်မီပြီးစီးရန် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါနှင့် ရာသီဥတုကြောင့် မျှော်မှန်း ထားသည့်ကာလ ကျော်လွန်နိုင်ကြောင်း၊ သို့သော်လည်း သတ်မှတ်သည့်ကာလတွင် အချိန်မီ ပြီးစီး နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအိမ်ရာ စီမံကိန်းဧရိယာအတွင်း၌ ကုန်တိုက်ထည့်သွင်း တည်ဆောက်ရန် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ အနာဂတ်တွင် ဆောင်ရွက်မည့် နေပြည်တော် အဝေးပြေးကား၀င်း စီမံကိန်းသည် ယခုအိမ်ရာစီမံကိန်းအနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက် ၃၉ လုံးမှ ဝယ်ယူပြီး ပထမထပ်အခန်း ၁၄၈ ခန်းကို စက်တင်ဘာ ၁၇ ရက်တွင် လည်းကောင်း၊ ဒုတိယထပ်အခန်း ၁၂၄ ခန်းနှင့် တတိယ ထပ်အခန်း ၁၁ ခန်းတို့ကို စက်တင်ဘာ ၁၈ ရက်တွင်လည်းကောင်း မဲနှိုက်နေရာချထားမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ Facebook Page မှ ထုတ်လွှင့်ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မျိုးမင်းနိုင်၊ ဓာတ်ပုံ-မျိုးသူဟိန်း