Skip to main content

မလေးရှားနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၈ ဦးအား ပြန်လည် ခေါ်ဆောင်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၈ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ် များ၌ အသွားအလာ ကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင် စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက် ပေးကြသည်။

ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသား ဖြစ်တည်မှု မှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံမှ ယနေ့အထိ ကယ်ဆယ်ရေးလေယာဉ် (၁၄) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်