Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၆

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကနောင်ခန်းမ၌ အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေပြဋ္ဌာန်းပြီး ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၃ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်းတစ်ဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ကိုးဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ် တစ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ တစ်ဖွဲ့ စုစုပေါင်း ၃၀၄၂ ဖွဲ့တို့ကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေများတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို အလုပ်ရှင်၊ အလုပ်သမားများ ကျယ်ပြန့်စွာသိရှိနိုင်စေရေး အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှစ၍ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း။

ပါဝင်ဖွဲ့စည်းထားရှိ

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေးအမျိုးသားကော်မတီတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီဖြစ်သည့် Myanmar & Worldwide Services Co., Ltd ၌ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားများကို ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များ၊ ကြီးကြပ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ စေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးနေမှု၊ ဂျပန်နိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများအတွက် ဂျပန်ဘာသာစကားနှင့် လုပ်ငန်းခွင်ဝင်ရောက်မှုတွင် အခက်အခဲမဖြစ်စေရေး လုပ်ငန်းခွင်အကြို လေ့ကျင့်သင်ကြားပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးကစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားလျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။

အလုပ်ရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများကို သုံးပွင့်ဆိုင်လက်တွဲ၍ နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်