Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းများ ပိုမိုဖိတ်ခေါ်ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စုပေါင်းခန်းမ၌ အဆိုပါဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) နှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးရသောဌာနဖြစ်သည့်အတွက် ဌာန၏လုပ်ငန်းတာဝန်များအား စွမ်းဆောင်ရည်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်နှင့်အညီ ယခုဘဏ္ဍာနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြည့်မီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းများကို ပိုမိုဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနရှိ Startup Center အနေဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖြစ်ပေါ်လာအောင် ထိထိရောက်ရောက် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ လုပ်ငန်းခွင်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာရန် လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်