နေပြည်တော် စက်တင်ဘာ ၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုအခြေခံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ပညာတော်သင်များ အပြန်အလှန်စေလွှတ်ရေးနှင့် အိန္ဒိယနိုင်ငံတွင် Archaeological Survey of India (ASI)မှ ဖွင့်လှစ်သည့် Field School of Archaeology တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သင်တန်းသားနှစ်ဦးခန့်နှင့် ပြတိုက်ပညာမဟာဘွဲ့သင်တန်းအတွက် သင်တန်းသားနှစ်ဦးခန့် နှစ်စဉ်ခေါ်ယူရေး၊ Information Technology (IT)၊ Computer Science နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ Myanmar Institute of Information Technology (MIIT) ကျောင်းသားများကို အိန္ဒိယနိုင်ငံတွင် မဟာဘွဲ့ရယူရေး သင်တန်းသားနှစ်ဦးကို နှစ်စဉ်ခေါ်ယူရေး၊ Archaeological Survey of India (ASI) မှ ဆောင်ရွက်နေသည့် ပုဂံစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ မူလရည်မှန်းထားသည့် လျာထားချက်အတိုင်း ၂၀၂၈ ခုနှစ်တွင် ပြီးစီးရေး၊ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်အပါအဝင် ဘုရားဖူးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်