နေပြည်တော် စက်တင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးသစ်နှင့် မိုးချည်မျှင်ရှည်ဝါစိုက်ခင်းများ၊ ရေလွှဲဆည်နှင့် ရေလှောင်တမံများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သင်ပန်းကုန်းကျေးရွာအုပ်စု တောင်သူ ဦးမောင်မောင်နိုင်၏ အရည်အသွေးကောင်းအထွက်ကောင်းမိုးစပါးမျိုးသစ် (YSR-1)စံပြကွက် ဧက ၄၀ စိုက်ခင်း၊ ဘွက်ကျေးရွာအုပ်စု သိမ်ကုန်းရှေ့တန်းစခန်းအနီးရှိ တောင်သူဒေါ်ဖြူဖြူဝင်း စိုက်ပျိုးထားသော မိုးချည်မျှင်ရှည်ဝါ(B-31) စိုက်ခင်းနှင့် ကျီးနီကန်အတွင်းသို့ စီးဝင်လျက်ရှိသည့် ရေဝင်ချောင်းတို့ကို ကွင်းဆင်းကြည့်ရှုပြီး သီးနှံပုံစံအလိုက် မြေနေရာရွေးချယ်ရာတွင် ဒေသရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိစေရေး၊ ပန်းတိုင်အထွက်ရရှိရေးနှင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ် ချောင်းမကြီးရေလှောင်တမံ၏ တောတွင်လှရေလွှဲဆည် ထိန်းသိမ်းထားရှိမှု၊ ချောင်းမကြီး ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မိုးစပါးရေပေးဝေမှုအခြေအနေများကိုလည်းကောင်း၊ ချောင်းကောက်ရေလှောင်တမံ၏ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ မိုးစပါးရေပေးဝေနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေသောက်ဧရိယာများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး၊ ရေလွှဲဆည်နှင့် တမံအတွင်း ရေဝင်ရောက်မှုအပေါ် မူတည်၍ စိုက်ဧကတိုးတက်လျာထားနိုင်ရေး၊ မြောင်းရင်းမှ တစ်ကွင်းတစ်စပ်တည်းစိုက်ပျိုးနိုင်ရေး၊ ရေမြေသဘာဝနှင့် ကိုက်ညီသော သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ချောင်းကောက်ရေလှောင်တမံမှ မိတ္ထီလာကန်သို့ ရေပေးသွင်းသည့် ဆက်သွယ်မြောင်းနှင့် ဆက်သွယ်မြောင်းတစ်လျှောက်ရှိ လွန်ငင်ရေလှောင်တမံ၊ လက်ခုပ်ပင်ရေလှောင်တမံနှင့် ညောင်ကုန်းရေလှောင်တမံတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်