Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရှမ်းပြည်နယ်ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူဆောင်ရွက်နေကြသော သုတေသနပရောဂျက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး လိုအပ်သည်များ မှာကြားသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် လားရှိုးဒေသရှိ တက္ကသိုလ်၊ ကျောင်းများမှ တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် စာတွေ့လက်တွေ့ပို့ချသင်ကြားရာတွင် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ ပိုမိုမြင့်မားလာပြီး ဒေသအတွင်း လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်နှင့် သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)တို့ရှိ အစည်းအဝေးခန်းမများ၌ ကျင်းပသည့် နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲများတွင် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက Polytechnic University နှင့်စပ်လျဉ်းသည့် သဘောသဘာဝနှင့် ဖြစ်ပေါ်လာမည့် အားသာချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများ၊ တက္ကသိုလ်ဘောလုံးကွင်းတည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်