Skip to main content

ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၆

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်းနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရေးနှင့် ဦးမော့ လာစေရေးအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်ကို နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် COVID-19 Economic Relief Plan (CERP) အပေါ် အခြေခံ၍ ရေးဆွဲခဲ့ပြီး ဖြစ်ရာ အဆိုပါ အစီအစဉ်အပေါ် ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက် မည့် အစီအစဉ်များ ရှင်းလင်းတင်ပြဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ Video Conferencing ဖြင့် ကျင်းပသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့်် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ် အမှုဆောင်များက Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် Second Wave အဖြစ် ထပ်မံရိုက်ခတ်ခြင်းဖြစ်ပြီး ရောဂါပိုးကူးစက် ဖြစ်ပွားမှုနှုန်း သည်လည်း သိသိသာသာ မြင့်တက်လာသည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားလာမှုများ ရပ်တန့်သွားပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်လုပ်ငန်းများအပေါ်တွင် ယခု အချိန်ထိ ဆုံးရှုံးမှုများ၊ ကြီးမားသောရိုက်ခတ်မှုများ ကြုံတွေ့နေရပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ရေးဆွဲထုတ်ပြန်ထားသည့် COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲအဖြစ် ကိုဗစ်-၁၉ ကာလအတွင်းနှင့် အလွန်ကာလတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့ဖွံ့ဖြိုးလာစေရန် အကောင် အထည်ဖော် ဆောင်ရွက်မည့် အဓိက ဗျူဟာ(၃)ရပ် ပါဝင်သည့် COVID-19 Economic Relief Plan ကိုရေးဆွဲပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် လမ်းပြမြေပုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး ကောင်းမွန်ရန်အတွက် COVID-19 Impact Assessment Survey ကောက်ယူပြီး Myanmar Tourism Strategic Recovery Roadmap (2015-2025) ကို နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း LuxDev ၏ အကူအညီဖြင့် ပြည်တွင်းပြည်ပ ပညာရှင် များပါဝင်သော အဖွဲ့ဖြင့် ရေးဆွဲလျက်ရှိပါကြောင်း။

ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရိုက်ခတ်မှုများ၊ လုပ်ငန်းများ ပြန်လည်စတင်သည့်အခါ ကြုံတွေ့ရမည့် New Normal Situation အတွက် အခြေအနေများကိုပါ ဘက်စုံ ထောင့်စုံ စဉ်းစားပြီး အနာဂါတ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အကောင်းဆုံးဖြစ်အောင် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး ဈေးကွက် အသစ်များနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး မဟာဗျူဟာအသစ်များ ဖော်ထုတ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် စီမံခန့်ခွဲမှုအဆင့် ဝန်ထမ်းများအတွက် သင်တန်းများနှင့် ပညာသင်ဆုများ ဆောင်ရွက်ပေးခြင်း၊ New normal အတွက် SOP များနှင့်အညီ ကျန်းမာရေးဆိုင်ရာ ဘေးကင်း လုံခြုံမှုသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ကို သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများကို ထောက်ပံ့ကူညီခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တက်ရောက်နေကြ သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက်ဆဲ လုပ်ငန်းအတွေ့အကြုံများကို အခြေခံပြီး ယခုဖြစ်ပွားနေသည့် COVID-19 Second Wave ကာလကို ကြံ့ကြံ့ခံနိုင်စေဖို့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့က ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်ပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ၎င်းကုစားမှု အစီအစဉ်အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းတို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်အပေါ် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို အခြေခံ၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)