နေပြည်တော် စက်တင်ဘာ ၃
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆပ်ကော်မတီဝင် ဦးစီးဌာနများအနေဖြင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအလိုက် ခွဲခြားပြီး နယ်စပ်ဒေသများတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများအတွက် အကျိုးရှိမည့် လုပ်ငန်းစီမံကိန်းများကိုသာ ရွေးချယ်လျာထားတင်ပြရန်လိုကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့်လုပ်ငန်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ မထပ်စေရန် ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းဆပ်ကော်မတီဝင် ဦးစီးဌာနများအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်စီမံကိန်းဝင်ဒေသများတွင် အကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမလေးလပတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်