Skip to main content

ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

နေပြည်တော် စက်တင်ဘာ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းနှင့် “အလှဆုံးပန်းများပွင့်ကြပြီ’’ သီချင်းတို့ဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip ကို ပြသသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာတွင် သုတ၊ ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များနှင့် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်တို့ထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊ စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများထံ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများမှ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်