Skip to main content

စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁

စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်းရှိ ကုန်သွယ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှတင်သွင်းသည့် စားအုန်းဆီဆိပ်ကမ်းအရောက် တန်ဖိုး၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်အခြေခံကာ ပြည်တွင်းကုန်ကျစရိတ်များကိုတွက်ချက်၍ တစ်ပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းကို နိုင်ငံပိုင်သတင်းစာများ၌ အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားရှိကြောင်း၊ ထုတ်ပြန်ကြေညာထားရှိသည့် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ၊ အလုပ်သမားခများ ထပ်ပေါင်းပြီး လက်ကား၊ လက်လီ အဆင့်တစ်ဆင့်စီတိုင်း၌ အမြတ်နှစ်ရာခိုင်နှုန်းထက်မပိုဘဲ ဖြန့်ဖြူးရောင်းချရန် ညွှန်ကြားထားရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တင်သွင်းမှုအပေါ်အခြေခံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်လအလိုက် ဖြန့်ဖြူးရမည့်ပမာဏကို လျာထားသတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့များက သတ်မှတ်နေရာသို့ သတ်မှတ်အရေအတွက်အတိုင်း သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူလက်ဝယ်သို့ မဖြစ်မနေရောက်ရှိစေရေး၊ စနစ်တကျ ဖြန့်ဖြူးရောင်းချစေရေးနှင့် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များ၊ လက်ကား၊ လက်လီများ၏ ဖြန့်ဖြူးရောင်းချမှုများကို ကြီးကြပ်ထိန်းကျောင်းပေးရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များက စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးများက ကုမ္ပဏီများ၊ လက်ကား၊ လက်လီများ၏ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကို ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို ဖော်ထုတ်အရေး ယူဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် စားသုံးသူ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချပေးနေသည့် နည်းလမ်းများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်