Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိအောင် ကြိုးစားသင်ယူကြရေး၊ ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်ကို စနစ်တကျသင်ကြားပို့ချနိုင်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် တက္ကသိုလ်၊ ကောလိပ်နှင့် ဦးစီးဌာနများသို့ အကူအညီတောင်းခံသင်ကြားပို့ချပေးရေး၊ ထူးချွန်သောအားကစားသမားကောင်းများ ပေါ်ထွက်လာရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရေး မှာကြားပြီး ဆရာဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပထမနှစ်နှင့် ဒုတိယနှစ်တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံနှုတ်ဆက်၍ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသော အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရိုးရာခြင်းခြောက်ယောက်တွဲ အခြေခံအထိခြောက်ချက်ပြိုင်ပွဲ Event 4 ၌ ပထမ ရွှေတံဆိပ်ဆု၊ တစ်ဦးချင်းပြိုင်ပွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 3 ၌ ဒုတိယငွေတံဆိပ်ဆု၊ ခြောက်ယောက်တွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 2 ၌ ဒုတိယငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ဒုတိယနှစ်ကျောင်းသူ မမှုံနံ့သာအား ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေတို့ဖြင့် တည်ဆောက်နေသော သုံးထပ်သင်တန်းသားအိပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ပညာရေးကောလိပ်မှ အငြိမ်းစားဆရာမကြီး ဒေါ်ခင်အုန်းမြင့်ကိုယ်တိုင်ဦးစီး၍ ကန်ကြီးထောင့်မြို့နယ်၊ ကံကုန်းကျေးရွာရှိ လယ်ငါးဧကတွင် စပါးပြီး စပါးစိုက်ပျိုးနေမှုအခြေအနေကို သွားရောက်လေ့လာကြည့်ရှုကြသည်။

ကံကုန်းကျေးရွာမှ ဒေါ်ခင်အုန်းမြင့်၏ လယ်ငါးဧကအတွက် အနက်ပေ ၁၇၀ တွင်းတိမ်တူးပြီး သုံးလက်မ Pump၊ 2 Horse Power ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ မိုးကြိုရာသီတွင် ဆင်းသုခစပါးမျိုးစိုက်ပျိုး၍ တစ်ဧကတင်း ၆၀၊ မိုးရာသီတွင် ရက် ၉၀ စပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၆၂ တင်း၊ နွေစပါးကို ဆင်းသုခစပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၁၀၅ တင်းနှုန်းထွက်ရှိခဲ့ရာ ယင်းကဲ့သို့ လယ်ငါးဧကတွင် တစ်နှစ်ပတ်လုံး စပါးပြီးစပါးစိုက်ပျိုးခဲ့ခြင်းအတွက် စုစုပေါင်းလယ် ၁၅ ဧကမှ ထွက်ရှိသော စပါးများရောင်းချပြီး အမြတ်ငွေမှာ သွင်းအားစုနှင့် စိုက်ပျိုးရိတ်သိမ်းစရိတ်များနုတ်ပြီး အသားတင် ၁၁၅ သိန်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ စိုက်ပျိုးဆောင်ရွက်ခဲ့မှုအပေါ် မိုးကြိုနှင့် မိုးစပါးအထွက်တိုးရန်အတွက် အထွက်တိုးစပါးမျိုးများစိုက်ပျိုးရန် တိုက်တွန်းမှာကြားပြီး ယခုမိုးရာသီ ရက် ၉၀ စပါးမျိုး စိုက်ပျိုးရန်အတွက် မြေပြုပြင်ထားရှိမှု၊ ပျိုးထောင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာသို့ရောက်ရှိပြီး နေကြာစိုက်ပျိုးသည့်တောင်သူများနှင့်တွေ့ဆုံရာ ကြာဖြူကျေးရွာအုပ်စု သမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးထုတ်လုပ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နေကြာအထွက်တိုးရန် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များမှာကြားကာ ရုရှားနိုင်ငံထုတ် စိုက်ပျိုးရေးသုံးဆေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဝါးခယ်မမြို့နယ်၊ ဝဲရွာကျုံစိန်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျောင်းစု-ကျုံစိန် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ အဆိုပါလမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃ ဒသမ ၅ သန်း (စုစုပေါင်းငွေကျပ် ၁၈ ဒသမ ၅ သန်း) တို့ဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၁၅ ရက်ထိ ခင်းကျင်းလျက်ရှိရာ ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်