Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့ မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေး၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

မကွေး ဩဂုတ် ၃၀

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ရှင်းလင်းတင်ပြ

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ခံက အီလက်ထရောနစ်စနစ်ဖြင့် စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် လူထုသိပ္ပံကျမ်းများနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ဘွဲ့နှင်းသဘင်ခန်းမ၌ မကွေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

မှန်ကန်စွာရှုမြင်သုံးသပ်

ဦးစွာ “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှုအန္တရာယ်” Vedio Clip ၊ “၂၀၂၄ ခုနှစ် ပြင်သစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပမှု မှတ်တမ်း” နှင့် “၂၀၂၄ ပြင်သစ်မသန်စွမ်းအိုလံပစ်ဖွင့်ပွဲအခမ်းအနား” ဗီဒီယိုတို့ကို ပြသပြီး ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့အချိန်တွင် မသမာသူအဖျက်သမားများက မီဒီယာနည်းလမ်းများကို အသုံးပြု၍ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ကာ ပြည်သူများအား အတွေးအမြင်လွဲမှားအောင် ဆောင်ရွက်နေကြကြောင်း၊ တစ်နည်းအားဖြင့် မီဒီယာကို အဆိပ်သင့်အောင် ဆောင်ရွက်၍ နိုင်ငံတော်ကို အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်များကို မှန်ကန်စွာရှုမြင်သုံးသပ်နိုင်ရန် မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မိမိဘဝမြင့်မားရေးအတွက် မှန်ကန်သည့် ရည်မှန်းချက်များထားရှိ၍ အနာဂတ်ကို ဖန်တီးကြရန်လိုကြောင်း၊ အတွေးအခေါ်မှန်ကန်တည့်မတ်စေရန်အတွက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ကမ္ဘာကြီး၏ ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း နားလည်သိရှိထားရန် လိုအပ်ကြောင်း ပြောကြားကာ မကွေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်များအတွက် DTH စလောင်း ခြောက်စုံနှင့် DVB-T2 Set Top Box ၁၅ စုံတို့ကို ပေးအပ်လှူဒါန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

စာတမ်းများ မိတ်ဆက်ရှင်းလင်း

ထို့နောက် မကွေးတက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦးက ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား တက္ကသိုလ်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ပြုစုထားသည့် သုတေသနစာတမ်းများနှင့် ပတ်သက်၍ ဓာတုဗေဒဌာနမှ ပါမောက္ခ ဒေါက်တာမူမူမြစိန်က သီးထပ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် မြေဆီအာဟာရဓာတ်များ ပြောင်းလဲမှုကိုလေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒဌာနမှ ကထိက ဒေါက်တာအိအိသွင်က ကောက်ညှင်းဆန်အဖြူမှ ကစီဓာတ်ကို အသုံးပြု၍ ဇီဝပလတ်စတစ်ဖလင်ကိုထုတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုက္ခဗေဒဌာနမှ ကထိက ဒေါက်တာနွယ်နွယ်က အကျိုးပြုအဏုဇီဝအရည်နှင့် EM ဘိုကာရှီမြေဩဇာသုံးစွဲမှုနှင့် နေကြာပင်အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်စာတမ်းများအား မိတ်ဆက်ရှင်းလင်းတင်ပြသည်။

မီဒီယာနည်းလမ်းများဖြင့်ကူညီမည်

တင်ပြချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းမှုနှင့် သီးနှံများအထွက်တိုးရန်ဆောင်ရွက်နေမှုကို ဖြည့်စွက်ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အများပြည်သူအနားယူအပန်းဖြေရန် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပေးထားသည့် ကန်သာမင်္ဂလာကန်တော်တည်ဆောက်ထားမှု အခြေအနေကို လှည့်လည်ကြည့်ရှုကြသည်။

ကန်သာမင်္ဂလာကန်တော်

အဆိုပါ ကန်သာမင်္ဂလာကန်တော်သည် ယခင်က တိမ်ကောနေသော ရေကန်ကြီးတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အများပြည်သူနှင့်သက်ဆိုင်သော၊ စိမ်းလန်းသာယာသော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ စိတ်လက်ပေါ့ပါးစေသော၊ ခေတ်မီသပ်ရပ်သော အပန်းဖြေနေရာတစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မကွေးမြို့ကမ်းနားလမ်းရှိ MSME လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချနေမှုနှင့် Night Market စီစဉ်ဖွင့်လှစ်၍ အများပြည်သူအပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ မကွေးတိုင်းဒေသကြီး၏ MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ခြင်းနှင့် ဈေးနှုန်းသက်သာခြင်းများကြောင့် ပြည်သူများ ကြိုက်နှစ်သက်ကာ ဝယ်ယူအားပေးလျက်ရှိနေကြောင်း သိရသည်။

သတင်းစဉ်