နေပြည်တော် ဩဂုတ် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့သို့သွားရောက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံသည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး
ဦးစွာ သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက ယခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လာမည့်စိုက် ပျိုးရာသီအမီရေဆင်းစပ်မျိုး (၂) နေကြာမျိုးများ၊ သွင်းအားစုဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်မီကူညီပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများက ဆီထွက်သီးနှံနေကြာဧက စုစုပေါင်း ၃၅၀၀၀ စိုက်ပျိုး မည်ဖြစ်၍ ဇလွန်မြို့နယ်အနေဖြင့်လည်း သမဝါယမအသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ပါဝင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထွက်ရှိလာသော နေကြာသီးနှံများကို သမဝါယမအသင်းများ၏ အစီအစဉ်ဖြင့် ဆီကြိတ်၍ ဒေသဝမ်းစာဖူလုံရေးအတွက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့သို့သွားရောက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမတွင် မြို့နယ်မှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး လေးမျက်နှာမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှု၊ သမဝါယမအသင်းအချင်းချင်း ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါး၊ နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာ၊ မြေပဲနှင့်နှမ်းများတိုးချဲ့စိုက်ပျိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စုအလိုက် ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာ သို့သွားရောက်ပြီး သက္ကရာဇ် ၄၂၀ ပြည့်နှစ်က ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ် တော်မူခဲ့သော သမိုင်းဝင်စတုမုခ ထူပါရုံစေတီတော် မြတ်ကြီးကိုဖူးမြော်ကြည်ညိုကာ ငဝန်မြစ်ရေတိုက်စားမှုကြောင့် စေတီတော်မြတ်ကြီး ကမ်းပြိုရေခမှုမဖြစ်ပေါ်စေရေး ကမ်းထိန်းလုပ်ငန်းအခြေအနေ များကို ကြည့်ရှုသည်။
အဆိုပါ မြစ်ကမ်းထိန်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြစ်ကြမ်းပြင်ကာကွယ်ထိန်းသိမ်းခြင်းအတွက် ကျောက်စီရေကာတာဆောင်ရွက်ခြင်း၊ စေတီတော်ရင်ပြင်ချဲ့ခြင်း၊ Bored Pile အခြေပြုသံကူကွန်ကရစ် နံရံပြုလုပ်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းနောက် လေးမျက်နှာမြို့နယ် ခတ္တူ-ခုံကြီးလမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသောပေ ၂၂၀ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း ခွင်ကိုလည်းကောင်း၊ ပန်းတောကြီးကျေးရွာရှိ မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းတက်ရောက်အောင်မြင်ပြီး ဆိုင်ကယ်ပြင်လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော ဦးအောင်ပိုင်စိုး၏ ကိုညီဆိုင်ကယ် ပြင်ဆိုင်ကိုလည်းကောင်း၊ လုပ်ငန်းရှင်ဦးကျော်ဝင်းနိုင် ဆောင်ရွက်နေသော သိမ်းငှက်သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းကိုလည်းကောင်းသွားရောက် ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ရေကြည်မြို့နယ် ပန်းကုကွင်းကျေးရွာအုပ်စု သီတာချောင်းကူးတံတား တည်ဆောက်ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ် သီတာကုန်းပြင်သို့သွားရောက်၍ သမိုင်းဝင်မြသိန်းတန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကန်တော့ကာ (၁၅၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် ကျင်းပသော ရပ်သာကြီးကျေးရွာနှင့် ကံကုန်းကျေးရွာတို့၏ ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်