Skip to main content

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၂၃ လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် 100% Polyester Woven Dyed Fabric မီတာ ၈၂၅၀၀ အပါအဝင် လုပ်ငန်းသုံးပစ္စည်း သုံးမျိုးနှင့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉၀၃၃၃၅၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၄၆၈၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ်တစ်စီးနှင့် မန္တလေးမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ စားသောက်ကုန်ပစ္စည်း သုံးမျိုးနှင့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၉၃၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး၊ Scania Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၁၂၀၆၃၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၌ တောင်ကြီးမြို့မှ ကျောက်ဆည်မြို့သို့ မောင်းနှင်လာသောမော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုးနှင့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၈၇၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Doh Shwe Myan Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၈၇၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝေါမြို့နယ် စစ်တောင်းမြစ်ကျိုးလမ်း၊ မြစ်ကျိုးရွာအနီး၌ ဘားအံမြို့မှ တောင်ငူမြို့သို့မောင်းနှင်လာသော မော်‌တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၂၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ဆိပ်ကမ်းသာလမ်း ဓမ္မာရုံကူးတို့ဆိပ်၌ စုပုံထားသောအကောက်ခွန်မဲ့လူသုံးကုန် ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ သြဂုတ် ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၆၂၄၃၈၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်