Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာတဲ့အတွက် လာမယ့်ရက်သတ္တသုံးပတ်လောက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်မယ့်အခြေအနေတစ်ခုကို ရလာမယ်လို့ယုံကြည်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးတို့၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို တင်ပြလိုက်ပါသည်-

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်နေမှုအခြေအနေ တိုးမြင့်လာတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ တစ်နေ့တစ်နေ့မှာ ၂၀၀ ကျော်လောက်အထိ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ၊ ကူးစက်မှုနဲ့ ဆက်နွှယ်နေတဲ့သူတွေကို Quarantine စင်တာတွေမှာထားရှိနိုင်ဖို့ ကိစ္စရပ်တွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း စီးပွားရေး၊ လူမှုရေးကဏ္ဍတွေကို တည်ငြိမ်အေးချမ်းစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီအခြေအနေကို တည်ငြိမ်စေဖို့အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနများအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့တိုင်းရဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေ တည်ငြိမ်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းအားထုတ်နေတယ်ဆိုတာကို ပြောကြားလိုပါတယ်။

ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေကို တိုင်းဒေသကြီးအတွင်းမှာ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြပ်မတ်ဆောင် ရွက်နေပါတယ်။ ဒီကြပ်မတ်ဆောင်ရွက်မှုတွေအားလုံးဟာ ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့၊ ကုသပေးနိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုအပေါ်မှာ ပူးပေါင်းကူညီဆောင်ရွက်ကြတဲ့သူတွေ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုမှာ ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အလွန်အင်မတန် အရေးကြီးပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေ ရှိလာတဲ့အတွက် လာမယ့်ရက်သတ္တသုံးပတ်လောက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်မယ့် အခြေအနေတစ်ခုကို ရလာမယ်လို့ ယုံ ကြည်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင် ရွက်ပေးပါလို့ တိုက်တွန်းလိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘက်က ညွှန်ကြားချက်ဖြစ်တဲ့ Stay at Home အစီအစဉ်တွေကို တိတိကျကျလိုက်နာဆောင်ရွက်စေချင် ပါတယ်။ အပြင်ကို မလိုအပ်ဘဲ ထွက်တာမျိုး မပြုလုပ်ကြဖို့နဲ့ လက်ဆေးဖို့၊ အကာအကွယ်တွေ ဝတ်ဆင်ဖို့၊ Maskတွေ ဝတ်ထားကြဖို့၊ ဒီအစီအစဉ်တွေကို ပြည်သူတစ်ဦးချင်းစီက လိုက်နာ ဆောင်ရွက်သွားကြမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ အခြေအနေတစ်ခု ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အခုရှိနေတဲ့ ကုသရေးစင်တာတွေဟာ မလုံလောက်တော့ဘူးလို့ ပြောကြားနေတဲ့ သတင်းတွေကိုလည်း ကြားနေရပါတယ်။ ကုသရေးစင်တာတွေနဲ့ ပတ်သက်ပြီးတော့ ဝေဘာဂီမှာ ဆောင်ရွက်နေတာရှိပါတယ်။ တောင်ဥက္ကလာပမှာ ဆောင်ရွက်နေတာရှိပါတယ်။ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာမှာ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီကုသရေးစင်တာတွေမှာ ထားရှိနိုင်မယ့်အခြေအနေ ထပ်မံရှိပါသေးတယ်။ ဖောင်ကြီးမှာရှိတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာဟာ လက်ရှိအခြေအနေမှာ တက်ရောက်နေတဲ့သူ ၈၄၃ ဦး ဖြစ်ပါတယ်။ ဖောင်ကြီးကိုဗစ်-၁၉ စင်တာဟာ ၁၂၂၀ လက်ခံနိုင်တဲ့ ကုသရေးစင်တာ ဖြစ်ပါတယ်။ ထပ်မံလက်ခံနိုင်တဲ့ အခြေအနေရှိပါသေးတယ်။ ဝေဘာဂီဆေးရုံမှာ ၆၇ ဦး ကုသမှုခံယူနေပါတယ်။ တောင်ဥက္ကလာပဆေးရုံမှာ ၄၃ ဦး ရှိပါတယ်။ ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမရိပ်သာကိုလည်း ကုသရေးအတွက် အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာ Quarantine စင်တာ ဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာလည်း ကုသရေးအတွက် ရိုးမရိပ်သာမှာ ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။ ရိုးမရိပ်သာရဲ့အခြေအနေကလည်း အများကြီးလက်ခံနိုင်တဲ့ အခြေ အနေရှိပါတယ်။ လက်ရှိအချိန်မှာ ရိုးမရိပ်သာမှာ အတည်ပြုလူနာနဲ့ ဆက်စပ်နေတဲ့ လူနာတွေကို Quarantine ထားတာ ၁၂၀၆ ဦးရှိပါတယ်။ ရိုးမရိပ်သာမှာပဲ Positive ဖြစ်တဲ့ အတည်ပြုလူနာ ၂၇၂ ဦးကိုလည်း ထားရှိထားပါတယ်။ ဒါ့အပြင် ထပ်မံလက်ခံနိုင်တဲ့ အဆောက်အအုံ ၁၃လုံး ရှိသေး တာဖြစ်တဲ့အတွက် လူဦးရေ ၁၇၅၆ ဦး ထပ်မံလက်ခံနိုင်တဲ့အခြေအနေ ရိုးမရိပ်သာမှာ ရှိပါတယ်။ လုံလောက်တဲ့အခြေအနေ ရှိပါတယ်။ ဒါ့အပြင် လှိုင် Quarantine စင်တာကိုလည်း Positive လူနာတွေကို ထပ်မံထားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

လှိုင် Quarantine စင်တာက ဝင်ဆံ့နိုင်တဲ့အခြေအနေက လူဦးရေ ၁၆၀၀ လောက် ရှိပါတယ်။ အခုလက်ခံထားတဲ့လူဦးရေ ၅၉၃ ဦးပဲ ရှိပါသေးတယ်။ ထပ်မံပြီးတော့ ၁၀၆၇ ဦးလောက် လက်ခံနိုင်တဲ့အခြေအနေ ရှိနေပါတယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။
ဘာကြောင့်လဲဆိုရင် ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုကို အစိုးရဘက်ကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းကျန်းမာရေး ကုသရေးပိုင်းဆိုင်ရာနဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေဖွဲ့စည်းပြီး နေ့စဉ်နဲ့အမျှ အစည်းအဝေးတွေပြုလုပ်ကာ ဒီအခြေအနေကို ထိန်းနိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။ အခုအခြေအနေမှာတော့ တိုးတက်တဲ့ ဖြစ်စဉ်တွေ ရရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာ စိတ်အေးအေးထားပြီးတော့ သတိရှိရှိနဲ့နေထိုင်ကြဖို့ လိုပါတယ်။ အစိုးရိမ်မလွန်ကဲဖို့ ပြောကြားလိုပါတယ်။ ဖြစ်နေတဲ့ အခြေအနေကို ပြည်သူတစ်ရပ်လုံးက ကျန်းမာရေးအသိနဲ့ ပူးပေါင်းပါဝင်ကူညီကြမယ်ဆိုရင် ဒီအခြေအနေတွေအားလုံးကို ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိတိုင်းဒေသကြီး အတွင်းမှာ Quarantine အနေနဲ့ ၃၁ ခုရှိပါတယ်။ လက်ရှိမှာ ထားရှိနိုင်တဲ့ အရေအတွက် ထက်ပိုတဲ့ အခန်းအရေအတွက်တွေ ထားနိုင်တဲ့အနေအထား ရှိနေသေးတယ်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်

ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး

ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသပေါင်းစပ်ညှိနှိုင်းအဖွဲ့က ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒီအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်ပွားလာတဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အနေအထားကိုကူညီဖို့ သက်ဆိုင် ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဆရာဝန်၊ ဆရာမတွေလည်း ရောက်ရှိနေပါတယ်။ မန္တလေးတိုင်းဒေသကြီးက ၂၀၊ မကွေးတိုင်းဒေသကြီးက ၂၀၊ ကယားပြည်နယ်က ၂၀ နဲ့ ဧရာဝတီတိုင်းဒေသကြီးက ၂၀ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီမှာရှိနေတဲ့ ဆရာဝန်၊ ဆရာမတွေကို အင်အားဖြည့်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ လွန်ခဲ့တဲ့အပတ်ကနဲ့စာရင် ဒီအပတ်မှာ Mask တွေ တပ်လာတာတွေ့ရပါတယ်။ အသွားအလာ လျော့သွားတာတွေ့ရပါတယ်။ စည်းကမ်းလိုက်နာကြတယ်။ လူစုလူဝေးတွေ မလုပ်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးခွာခွာနေကြတယ်။ ဝိုင်းဖွဲ့ပြီး စကား ပြောတာ စားတာသောက်တာမတွေ့ရဘူး။ ဒီလိုမျိုး နှစ်ပတ်သုံးပတ်လောက်သာ တိတိကျကျ နေလိုက်ရင် ရန်ကုန်ကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုနေထိုင်ဆောင်ရွက်ခြင်းက တစ်ယောက်ချင်းတစ်ဦးချင်းဆီက လူတွေရဲ့အသက်ကို ကယ်နေခြင်းပဲဖြစ်ပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းစီ အခုလိုမျိုး လိုက်နာဆောင်ရွက်နေခြင်းဟာ ဆေးကုသနေခြင်းနဲ့ တူပါတယ်။ လူနာနဲ့ဆရာဝန် အင်အားမမျှဘူးဆိုတာ မဟုတ်ပါဘူး။ ကျန်တဲ့ရောဂါတွေ ကုသဖို့ ဆေးရုံကို လာရောက်မှု နည်းသွားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပါဝင်ကူညီတဲ့အတွက် အင်အားအပြည့် ရှိပါတယ်။ လူနာနဲ့ဆရာဝန် အင်အားမျှတပါတယ်။ ဖောင်ကြီးမှာရော၊ ဝေဘာဂီမှာရော၊ တောင်ဥက္ကလာပမှာရော အင်အားအပြည့်ရှိပါတယ်။ ကုသမှုအပိုင်းမှာ ဆုံးဖြတ်ချက်တွေမှန်အောင် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
ဒီရောဂါက ကျန်းမာတဲ့ ငယ်ရွယ်သူတွေ အပိုအင်အားရှိတဲ့သူတွေကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် အပိုအင်အားမရှိတဲ့ ကိုယ်ရဲ့ကိုယ်ခံအားအခြေအနေနဲ့ အတိအကျသွားနေတဲ့သူတွေကို ထပ်မံတိုက်ခိုက်လာနိုင်ပါတယ်။ အဲဒီလိုမျိုး အပိုဆောင်းမရှိတဲ့သူတွေကို ကာကွယ်ဖို့လိုပါတယ်။ ဒီလိုကာကွယ်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားနေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ ရောဂါအခံရှိနေတဲ့သူတွေ၊ ဒုက္ခမရောက်ရဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။

စုစည်းတင်ပြ-မင်းသစ်(MNA)
ဓာတ်ပုံ-ဇော်မင်းလတ်