Skip to main content

မုံရွာမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ထိမှန် သေဆုံးခဲ့သည်ဟု မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေ

နေပြည်တော် ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးရှင်းစူပါစင်တာအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများ ဩဂုတ်လ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းပစ်ခတ်မှုကြောင့် အနီးရှိကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့သည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၈ ရက်နေ့က ၎င်းနေရာအနီးတွင် အပြစ်မဲ့ပြည်သူ ၆ ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်ပစ်ခတ်မှုမှမရှိကြောင်းနှင့် အဆိုပါအပြစ်မဲ့ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများကိုလည်း တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး တာဝန်ရှိသူများက လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မြေပြင်ဖြစ်စဉ်များနှင့် လွဲမှားနေသည့် သတင်းအမှားများကို အရှက်တရားမဲ့စွာ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်မှာလည်း အပြစ်မဲ့ပြည်သူ ၆ ဦးကိုသတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ကိုဖုံးကွယ်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။