နေပြည်တော် ဩဂုတ် ၂၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အွန်လိုင်းမှတက်ရောက်
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ တာဝန်ရှိသူတို့က အွန်လိုင်းမှတက်ရောက်ကြသည်။
တာဝန်ခွဲဝေလုပ်ဆောင်သွားမည်
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအစည်းအဝေး ယခင်နှစ်ကြိမ်တွင်လည်း ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ဆွေးနွေးပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှ ဆုံးဖြတ်၊ သုံးသပ်ပြီး အဖွဲ့လိုက်၊ ကဏ္ဍအလိုက် စတင်ဖွဲ့စည်း၍ လာမည့်စက်တင်ဘာလတွင် ကြိုတင်ပြင်ဆင်လေ့ကျင့်ရန် ဆုံးဖြတ်ထားပါကြောင်း၊ မိမိကဏ္ဍအလိုက်၊ အဖွဲ့အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသေးစိတ်ဆွေးနွေး၍ မိမိတို့ကော်မတီကအတည်ပြုကာ တာဝန်ခွဲဝေလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် သက်ဆိုင်ရာပညာရှင်များနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းသို့ သွားရောက်လေ့လာပြီးဖြစ်ပါကြောင်း။
အားကစားအဆင့်အတန်းမြင့်မားရေး
နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အမျိုးသားအားကစားပွဲတော်ကို အနှစ်သာရအပြည့်ဖြင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး အားကစားအဆင့်အတန်းမြင့်မားရေးအတွက် ကျင်းပမည်ဟုပြောကြားပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ခမ်းခမ်းနားနားကျင်းပရခြင်းမှာ ပြည်သူများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာစေရေးနှင့် အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ယခုအားကစားပွဲတော်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးပါအလေးအနက်ထားရမည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းစီမံချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အကြံပြုဆွေးနွေးတင်ပြ
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာအောင်ဇေယျတို့က ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသားအားကစားပွဲတော်အလံကို Free Fall လေထီးဖြင့် ကွင်းအတွင်း သယ်ဆောင်ခြင်းအစီအစဉ်၊ အခမ်းအနားအစီအစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာများ အချိန်မီတင်ပြနိုင်ရေး၊ ဖျော်ဖြေတင်ဆက်မည့်အစီအစဉ်၊ နည်းပညာပိုင်းဆိုင်ရာဆောင်ရွက်ထားရှိမှုများအပါအဝင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိရန်လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တပ်မတော်ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကျောင်းသားကျောင်းသူများ၏ (Performance) သရုပ်ဖော်အကအလှများ ဆောင်ရွက်ထားရှိမှု၊ မီးရှူးမီးပန်း အလှဆင်ပစ်ဖောက်ရန် ဆောင်ရွက်ထားရှိမှု၊ တိုက်ရိုက်(Live) ရိုက်ကူးထုတ်လွှင့်ရေး ဆောင်ရွက်မည့်အစီအစဉ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွင်ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု စသည်ဖြင့် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်