Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

နေပြည်တော် ဩဂုတ် ၂၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၊ (၂)၊ (၃)၊ (၄) တို့မှ ဝန်ထမ်းမိသားစုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မိသားစုများ၊ ဗမာလူငယ်များအစည်းအရုံး၊ သီရိခေထရာဖောင်ဒေးရှင်း ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စေတနာရှင်အလှူရှင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၊ (၂)၊ (၃)၊ (၄) တို့မှ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ငွေကျပ် တစ်ရာလေးဆယ့်ငါးသိန်းခြောက်သောင်းတစ်ထောင့်တစ်ရာနှင့် ငွေကျပ်တစ်ရာ ခြောက်ဆယ့်ကိုးသိန်းကိုးသောင်းခုနှစ်ထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ကြရာ တိုင်းမှူးကဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် အလှူရှင်များက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။