နေပြည်တော် ဩဂုတ် ၂၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ၃၃/ ၁၁ ကေဗွီစက်မှုဇုန်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲမှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ ၃၃/ ၁၁ ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံ သို့ရောက်ရှိပြီး ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဗို့အားပြည့်ဝတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေးအတွက် ဓာတ်အားခွဲရုံတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ မြေနေရာဌာနပိုင်အမည်ပေါက်ရရှိရေး ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံအတွင်း/ အပြင် သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန်မှာကြားပြီး ဓာတ်အားခွဲရုံမှ မြို့တွင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် သတ်မှတ်ထားသည့် တစ်ရက်လျှင်မီတာအလုံးရေ ၄၀၀ နှုန်းဖြင့် တစ်လလျှင် မီတာအလုံးရေ ၁၂၀၀၀၊ တစ်နှစ်လျှင် မီတာအလုံးရေ ၁၅၀၀၀၀ ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရန် စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စမ်းသပ်စစ်ဆေးရမည့်မီတာများ သတ်မှတ်ချိန်များအတွင်း အချိန်မီရောက်ရှိစေရေးနှင့် စဉ်ဆက်မပြတ် ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်၊ စမ်းသပ်စစ်ဆေးပြီး မီတာများကိုလည်း မြို့နယ်များသို့ အချိန်မီပို့ဆောင်သွားရန်နှင့် ပြည်သူလူထုအမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ရေး စီမံချက် ရေးဆွဲ၍ အင်တိုက်အားတိုက်တွန်းအားပေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားပြီး မီတာများအား စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့် ပစ္စည်းသိုလှောင်ရေးစတိုအတွင်း ထိန်းသိမ်းထားရှိသည့် ရုံးလုပ်ငန်းသုံးပရိဘောဂပစ္စည်းများ၊ ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများဖြစ်သော ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဟာရကျောင်းကြီးကျောင်းတိုက်၊ မဇ္ဈိမဝိဟာရကျောင်းတိုက်နှင့် မဟာစည်သတိပဋ္ဌာန် ကျောင်းတိုက်တို့သို့သွားရောက်ပြီး ကျောင်းတိုက်အသီးသီးရှိ ပဓာနနာယကဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါကျောင်းတိုက်များ အတွင်း/ အပြင် သန့်ရှင်းရေးကောင်းမွန်စေရေးအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဝန်ထမ်းမိသားစုများက စုပေါင်း၍ လုပ်အားဒါနဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်