နေပြည်တော် ဩဂုတ် ၂၄
စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စေရန်၊ ကုသိုလ်ပွားများနိုင်စေရန်၊ စိတ်ခွန်အားဖြစ်စေရန်၊ မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားများကို ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဒက္ခိဏသီရိမြို့နယ်၌ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ရည်ရွယ်၍ တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို မာရဝိဇယဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့ပြင် ဘုရားဖူးလာရောက်သည့် စက်မှုဝန်ကြီးဌာနဝန်ထမ်းများနှင့် မိသားစုများက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဘုရားဖူးလာရောက်သည့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းများနှင့် မိသားစုများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ညီညာစွာ စီတန်းပြီး ဗုဒ္ဓဂုဏ်တော်များကို ရွတ်ပွားလျက် ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် ဘုရားရင်ပြင်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ငယ်ပုံစံပြသထားမှု၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှုမှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာတည်ထား ပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အအုံများကို ဖူးမျှော်လေ့လာကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်