Skip to main content

တိရစ္ဆာန်ကျန်းမာရေးနှင့်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၂

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးတွင် တိရစ္ဆာန်ကျန်းမာရေးနှင့်မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စားရေရိက္ခာ ဖူလုံစေရေးနှင့် ပြည်သူများအတွက် အာဟာရပြည့်ဝသော အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကနှင့် တောင်သူများ အပါအဝင် သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များတွင်ပါရှိသော မွေးမြူရေးမြေများ ဖော်ထုတ်နိုင်ရန်၊ တိရစ္ဆာန်ရောဂါကင်းရှင်းဇုန်၊ ရောဂါထိန်းချုပ်ဇုန်များ ဖော်ဆောင်နိုင်ရေး၊ တိရစ္ဆာန်သုံးဆေးဝါးနှင့် တိရစ္ဆာန်အစာများ မှတ်ပုံတင်နိုင်ရန်နှင့် ကြီးကြပ်ကွပ်ကဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ဝိုင်းဝန်းဆွေးနွေး

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိရစ္ဆာန်ကျန်းမာရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စေရေးအတွက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြရာအစည်းအဝေး တက်ရောက်လာ ကြသူများက သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး၌ကျင်းပသည့် မြန်မာနိုင်ငံတွင် မိုးစပါးနှင့် ဆောင်းရာသီသီးနှံများ၌တွင်ကျယ်စွာ စမ်းသပ်အသုံးပြုနိုင်ရေးအတွက် ရုရှားနိုင်ငံထုတ် ရွက်ဖျန်းအားဆေးရည်များပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) မှ Mr. Oleg Kovalenko က ရွက်ဖျန်းအားဆေးရည် လှူဒါန်းရခြင်းနှင့် အသုံးပြုပုံနည်းလမ်းများကို ရှင်းလင်းတင်ပြပြီး ရွက်ဖျန်းအားဆေးရည် ထုတ်ကုန်သုံးမျိုး (စုစုပေါင်း ၂၉၃ လီတာ) ကိုပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (Fund RC- Investments) မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းစဉ်