Skip to main content

၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၂

၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင် ပင်လယ်ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အောင်မြင်စွာကျင်းပနိုင်

ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် အဋ္ဌမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ရတနာပြပွဲဖြစ်ပြီး ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် ပုလဲအတွဲ ၁၇၇ တွဲကိုလည်းကောင်း၊ တတိယနေ့တွင် ပုလဲအတွဲ ၁၈၄ တွဲကိုလည်းကောင်း၊ စတုတ္ထနေ့တွင် ပုလဲအတွဲ ၂၁၀ စုစုပေါင်းပုလဲအတွဲပေါင်း ၅၇၁ တွဲကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီး ကာလများအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ပြပွဲတွင်တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူများကိုယ်စား အရာထမ်း တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်