Skip to main content

တောင်သူပညာပေးလုပ်ငန်းတစ်ရပ်အဖြစ် စံပြကွက်များ ထူထောင်ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် ဩဂုတ် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနား မျိုးစေ့ဌာနခွဲဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထားသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့် ဆီထွက်သီးနှံများ၏ အောင်မြင်ဖြစ်ထွန်းမှု စိုက်ကွက်များကို ကွင်းဆင်းကြည့်ရှုကြသည်။

ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဒေသခံတောင်သူများကို အသုံးပြုစေလိုသည့် သီးနှံမျိုးနှင့် လိုက်နာကျင့်သုံးစေလိုသည့် စိုက်ပျိုးနည်းစနစ်များဖြင့် စံပြကွက်များ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ဆောင်ရွက်ပေးပြီး ဖြစ်ထွန်းအောင်မြင်မှုကို တောင်သူများ မျက်မြင်လေ့လာ၍ လက်တွေ့လိုက်ပါလုပ်ဆောင်လာစေရေး စည်းရုံးဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ တောင်သူပညာပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေအတွက် စီမံခန့်ခွဲနိုင်မှု အားသာချက်ရှိသောပေါင် (ဘောင်) ကြီးတင်စနစ်ကို ရှေးယခင်ကပင် တောင်သူများအသုံးပြုခဲ့ပြီး အချို့ဒေသများတွင် မဖြစ်မနေသုံးစွဲရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရာတွင် တောင်သူများ၏ လက်ရှိအသုံးပြုနေသော သီးနှံများကို မျိုးရွေးချယ်မြှင့်တင်သန့်စင်ပေးခြင်း၊ သီးနှံမျိုးအလိုက် လိုအပ်သော သွင်းအားစုအမျိုးအစား အချိုး အဆကို ထောက်ခံချက်ပေးခြင်းနှင့် နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသအလိုက် သီးနှံမျိုးကွဲမျိုးများ အမည်အမျိုးမျိုးဖြင့် အသုံးပြုနေမှုကို တညီတညွတ်တည်းဖြစ်စေရေး ကြပ်မတ်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်