နေပြည်တော်၊ စက်တင်ဘာ ၁၅
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ကျင်းပလျက်ရှိသည့် (၄၅) ကြိမ်မြောက် လူ့အခွင့်အရေးကောင် စီ၏ ပထမနေ့ရက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
မူအတိုင်းဆောင်ရွက်နေ
ယင်းဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြုံစဖူးရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အစိုးရအနေဖြင့် ကပ်ရောဂါအား တုံ့ပြန်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်မှုမရှိစေရေး “မူ” အတိုင်းနိုင်ငံတစ်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကြိုးပမ်းမှုများ၌ ကုလသမဂ္ဂအပါအဝင် မိတ်ဆွေနိုင်ငံများနှင့် မိတ်ဖက်အဖွဲ့များ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် မြန်မာအစိုးရ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများအပေါ် စိန်ခေါ်မှုများစွာ ပိုမိုဖြစ်ပေါ်စေသည့်တိုင် လက်ရှိပြည်သူ့အစိုးရသည် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ဒီမိုကရေစီနိုင်ငံဆီသို့ဦးတည်၍ အစွမ်းကုန်ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်း နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် လူ့အခွင့်အရေး နယ်ပယ်တို့တွင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများစွာ ရရှိနေပြီဖြစ်ကြောင်း အလေး ထားပြောကြားခဲ့သည်။
သိသာထင်ရှားသည့်အောင်မြင်မှု
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လတွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ် အစည်း အဝေး၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် အရေးပါသည့် ခြေ လှမ်းတစ်ခုဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြင့် သိသာထင်ရှားသည့် အောင်မြင်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နက်နဲသိမ်မွေ့သည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အမြဲတမ်းကိုယ်စားလှယ်က ရေ ရှည်တည်တံ့သည့် အဖြေရရှိရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံမှု စတင်နိုင်ရေးသည် အစိုးရ၏ ဦးစားပေးကိစ္စရပ်များဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လတို့တွင် ဖြစ်ပွားခဲ့သည့် အာဆာအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်မှ ရေရှည်တည်မြဲသည့် အဖြေရရှိရေး ဆောင်ရွက်နေမှုအပေါ် လမ်းကြောင်းလွဲသွားစေရန် သိသာသည့် ကြိုးပမ်းမှုများဖြစ်ကြောင်း၊ ယင်းအကြမ်းဖက် တိုက် ခိုက်မှုများကြောင့် လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားစေလျက်ရှိကြောင်းနှင့် WFP၊ ICRC နှင့် ဒေသခံ NGOs များ၏ ကူညီပံ့ပိုးမှုဖြင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်းနှင့် အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်က တင်သွင်းခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက် များအပေါ်အခြေခံ၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ထပ် လောင်းပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်ကို အကောင်အထည် ဖော်ရာတွင် ပိုမိုလွယ်ကူစေရန် UNHCR၊ UNDP နှင့် အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေး၊ အစိုးရ၏ကြိုးပမ်း ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ် လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး၊ အမုန်းစကား ဆန့်ကျင်တားဆီးရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်း အသိ ပေးပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံသာယာဝပြောရေးကို မြန်မာပြည်သူများထက် မည်သူကမျှ အလေးထားဂရုပြုမည်မဟုတ်ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒအတိုင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီသို့ မှန်းမျှော်ကာ ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းလဲမှုများဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှပံ့ပိုးမှုများ ဆက်လက်ပေးရေးသည် အရေးကြီးကြောင်း၊ မြန်မာ နိုင်ငံအပေါ် လွန်ကဲသော နိုင်ငံရေးဖိအားပေးမှုများကို ရှောင်ရှားရန်လိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှု၊ အပြုသဘောဆောင်သည့် ထိတွေ့မှုနှင့် လက်ကမ်းကူညီမှုတို့ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ကြိုးပမ်းဆောင်ရွက်သွားမည်
ဆွေးနွေးပွဲအဆုံးသတ်တွင် ထပ်မံတုံ့ပြန်ခဲ့ရာ၌ အမြဲတမ်းကိုယ်စားလှယ်က
(၁) ပြဿနာကို ရှုထောင့်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုကိုင်တွယ် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊
(၂) နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နောက်ခံအကြောင်းအရာနှင့် ပြဿနာ၏ ရှုပ်ထွေး နက်နဲမှုတို့ကို နားလည်ရန် အရေးကြီးသည့်အပြင် အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သင့်လျော်သည့် အချိန်အတိုင်းအတာပေးရန် လိုအပ်ကြောင်း၊
(၃) ဆုံးဖြတ်ချက် မှန်ကန်စွာချမှတ်နိုင်ရေးအတွက် သတင်းအချက်အလက်မှန်ကန်တိကျမှုသည် အရေးပါကြောင်း၊
(၄) ရခိုင်ပြဿနာအပေါ် အပြုသဘောမဆောင် ချဲ့ကားပြောကြားမှု ပြုလုပ်ခြင်းသည် ပြဿနာကို ပိုမိုဆိုးရွားစေရေးအတွက် မီးလောင်ရာလေပင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊
(၅) အစိုးရ၏ ကတိကဝတ်ဖြစ်သည့် ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်