Skip to main content

ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များကို တစ်ဦးတစ်ယောက်ချင်းစီက စနစ်တကျ အသေအချာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျော်လွှားကြပါစို့

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ များပြားလာမှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနာများကို ပြုစုကုသပေးရန် စီစဉ်ထားရှိမှုများနှင့်ပတ်သက်ပြီး ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးအား မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲ အတည်ပြုလူနာတွေကို ဘယ်လိုစီမံဆောင် ရွက်နေတယ်ဆိုတာသိချင်ပါတယ် ခင်ဗျာ။

ဖြေ။ ။ ရန်ကုန်မှာ လူနာအနေအထားက တစ်နေ့ကို Postive လူနာ ၂၀၀ - ၃၀၀ ထွက်ပေါ်လာတဲ့အတွက် ဒီလူနာ ၂၀၀ - ၃၀၀ ကို ပြုစုကုသဖို့၊ သူတို့ကို ထားရှိဖို့ ဆေးရုံနေရာတွေ လိုအပ်လာပါတယ်။

ဒါကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဆောက်လုပ်ပြီးစဖြစ်တဲ့ ရိုးမအိမ်ရာကို အခု ယာယီဆေးရုံအဖြစ် ဖွင့်လှစ်ထားပါတယ်။ ဒီနေရာက ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေနဲ့ ရောဂါလက္ခဏာမရှိတဲ့ လူနာတွေကို ကုသတဲ့နေရာ ဖြစ်ပါတယ်။
ဒါ့အပြင် လှိုင်တက္ကသိုလ်နယ်မြေထဲမှာ အရင်တုန်းက Facility Quarantine လုပ်ခဲ့တဲ့နေရာကို တက္ကသိုလ် ဆရာများအိမ်ရာစီမံကိန်းထဲက လွတ်နေတဲ့နေရာတွေမှာ လူနာ ၅၀၀ ထားရှိဖို့အတွက် စီစဉ်နေပါတယ်။ ဒီနေရာကို ရောဂါလက္ခဏာမပြင်းထန်တဲ့လူနာတွေ၊ ရောဂါ လက္ခဏာမရှိတဲ့လူနာတွေကို ထားတဲ့ဆေးရုံအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူအင်အားဖြည့်ဆည်းပေးထားပြီး ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့အပါအဝင် ခုနက လူအင်အားဖြည့်ထားတဲ့ အဲဒီနေရာကို လူနာ ၂၀၀ စတင်ပြီး ရွှေ့ဖို့အတွက် စီစဉ်နေပါတယ်။ အဲဒီနေရာကို ဆက်လက်တိုးချဲ့ပြီး လူနာ ၅၀၀ အထိ ထားဖို့စီစဉ်ထားပါတယ်။
ဒီနေရာမှာ လူနာပြည့်သွားရင် ကျွန်တော်တို့ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းမှာ လူနာ ၄၀၀ ထားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမှာက Tent Hospital ဖြစ်ပါတယ်။ ဒီအထဲမှာ ရေ၊ မီး၊ လေအေးပေးစက်နဲ့ လူနာတွေ အတွက် တစ်ဦးချင်း အကန့်လိုက် နေထိုင်နိုင်အောင် စီစဉ်ထား ပါတယ်။ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဆင့်မီ ယာယီဆေးရုံတွေရဲ့ စနစ်နဲ့အညီ WHO ရဲ့ ညွှန်ကြားချက်တွေအတိုင်း တည်ဆောက်ထားတဲ့ Tent Hospital ဖြစ်ပါတယ်။ ဒါကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူတည်ဆောက်ထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူအင်အားနဲ့ ဆေးဝါးဖြည့်ဆည်းပေးပြီး ကျန်လိုအပ်ချက်တွေကို ဧရာဝတီဖောင်ဒေးရှင်းက ဖြည့်ဆည်းပေးကာ ဒါကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းက Tent Hospital ကို ဒဂုံဆိပ်ကမ်းမြို့နယ်က ရိုးမယာယီဆေးရုံနဲ့ လှိုင်တက္ကသိုလ်နယ်မြေထဲက Asymptomatic Hospital တို့မှာ လူနာပြည့်သွားရင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ နောက်ထပ်လည်း ထပ်ပြီးလိုအပ်ဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရိုးမယာယီဆေးရုံကို လူနာ ၂၀၀၀ အထိ တိုးချဲ့ကုသနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အခုလိုအချိန်အတွက် ကြိုတင်စီစဉ်မထားခဲ့ရင် ဒီနေ့ဒီအချိန်မှာ ဒီလိုအလုပ်တွေကိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုကြိုတင်မြော်မြင်ပြီး ပြင်ဆင် ထားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

မေး။ ။ ဓာတ်ခွဲအတည်ပြုလူနာတွေကို ရွှေ့ပြောင်းပို့ဆောင်ပေးနေမှုကို ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ကိုဗစ် - ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေကို ရွှေ့ပြောင်းတဲ့ သယ်ယူပို့ဆောင်ရေးက တကယ့်ကို အဓိကလုပ်ငန်းဖြစ်ပါတယ်။ လူနာ ၃၀၀ လောက်ကို တစ်ပြိုင်နက်တည်း၊ တစ်နေ့တည်း ရွှေ့ပြောင်းရတဲ့အလုပ်က လွယ်တဲ့အလုပ်ကိစ္စ မဟုတ်ပါဘူး။
ဓာတ်ခွဲအတည်ပြုလူနာတွေသယ်ယူနိုင်အောင်လို့ ကယ်ရီရာကားကြီးတွေကို WHO ရဲ့ ညွှန်ကြားချက်နဲ့အညီ ရှေ့နောက်ကာတာတွေ၊ လူနာတွေ အတင်အချလုပ်နိုင်အောင် Ambulance Bus အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာ ကျွန်တော်တို့မှာ ၁၅ စီး ရှိပါတယ်။ အရင်တုန်းက လေးစီး အသုံးပြုခဲ့ပြီး အခု ၁၅ စီးလုံး အသုံးပြုပြီး သယ်ယူပို့ဆောင်နေပါတယ်။ ဒါကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးမှာ ခရိုင်နဲ့ မြို့နယ်တွေမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့ အသီး သီးရဲ့ လူနာတင်ယာဉ်တွေကို စနစ်တကျနဲ့ အကျိုးရှိရှိ ကျွန်တော်တို့ အသုံးချနေပါတယ်။ အထူးသဖြင့် ဒီလူနာတင်ယာဉ်တွေဟာ ရပ်ကွက်/ရပ်ရွာတွေထဲမှာ လူနာဘယ်နေရာမှာ ရှိတယ်ဆိုတဲ့လိပ်စာကို အတိအကျသိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ ရပ်ရွာထွေ/အုပ်တို့နဲ့ပူးပေါင်းပြီး လူနာတွေကို သယ် ယူပို့ဆောင်ပေးနေတာက အထောက်အကူဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ အချိန်မီ/အချိန် ပြည့် ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။

မေး။ ။ ပြည်သူလူထုကို ဆရာ့အနေနဲ့ အသိပေးပြောကြားလိုတာရှိရင် ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ပြည်သူလူထုအနေနဲ့ ဒီရက်ပိုင်းလေးကို သည်းခံပြီး စနစ်တကျနေပေးကြပါ။ အာရုံ
စူးစိုက်ပြီး ကိုယ့်ကို ရောဂါမကူးအောင်၊ ကိုယ်က ရောဂါမကူးအောင် နေထိုင်ပေးကြပါ။ ဘတ်စ်ကားစီးတာကအစ စနစ်တကျစီးဖို့လိုပါတယ်။ နှာခေါင်းစည်းတပ်ဖို့ လိုပါတယ်၊ နှာခေါင်းစည်းကို မေးစေ့မှာချိတ်ရမှာ မဟုတ်ပါဘူး။ တပ်ရမှာ ဖြစ်ပါတယ်။ လက်ဆေးရမယ်။ ယခု ကားဂိတ်တွေမှာ လက်ဆေးဆပ်ပြာအဆီတွေကို အသုံးပြုဖို့ ထားပေးထားပါတယ်။

အဲဒါတွေကို သုံးကြပါ။ အသေအချာ လက်ကို လက်သန့်ဆေးရည်နဲ့ဆေးပါ၊ နှာခေါင်းစည်း တပ်ပါ။ ကားပေါ်မှာ စကားမပြောပါနဲ့။ တတ်နိုင်သမျှ သွားတာလာတာတွေကို လျှော့ပြီးနေကြ မယ်။ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတာတွေကို လျှော့ပြီး နေကြမယ်ဆိုရင် ကူးစက်မှုနှုန်းက ကျသွားမှာဖြစ်ပါတယ်။
အလားတူပဲ စက်ရုံအသီးသီးမှာ လုပ်ငန်းခွင် ဝင်ရောက်ကြတဲ့အခါတိုင်း ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီ နေထိုင်လုပ်ကိုင်ကြပါ။ စက်ရုံ၊ အလုပ်ရုံတွေမှာ Social Distancing အပြည့်နဲ့နေပါ။ နှာခေါင်းစည်းကို သေချာအချိန်ပြည့်တပ်ထားပါ။

ထမင်းစားတဲ့အချိန်မှာ နှာခေါင်းစည်း ဖြုတ်ထားတာဖြစ်တဲ့အတွက် ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် ထမင်းစားချိန်မှာ မျက်နှာချင်းဆိုင်ထိုင်ပြီး စုဖွဲ့ စားသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကျွန်တော် အခုပြောပြပေးတဲ့ သတ်မှတ်ချက်တွေနဲ့အညီ စက်ရုံမှာသာမက အိမ်မှာလည်း အခုအတိုင်းနေဖို့လိုပါတယ်။ ဒါကြောင့် အိမ်ထဲမှာနေတဲ့ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် ကလေးကနေစပြီး လူကြီးတွေအထိ ဘယ်နေရာမှာရှိရှိ၊ ဘယ်သူဖြစ်ဖြစ် ဆင်းရဲချမ်းသာမရွေး ဒီညွှန်ကြားချက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒါတွေကို တစ်ဦးတစ်ယောက်ချင်းစီက ကျွန်တော်ပြောတဲ့အတိုင်း စနစ်တကျ အသေအချာ နှစ်ပတ်ခန့်နေထိုင်ခြင်းဖြင့် ဒီကိစ္စအောင်မြင်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အထူးအလေးထားပြီး တိုက်တွန်း နှိုးဆော်ချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ။

သတင်းအဖွဲ့