နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအမှတ် (၉) လောကနတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့်တာဝန်ရှိသူများက လာရောက်ဆွေးနွေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အတူ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကိုအထောက်အကူပြု
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံတော်ပိုင်ငွေကြေးနှင့် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို တိုက်ရိုက်နစ်နာမှုရှိစေသည့်အပြင် တိုင်းပြည်စီးပွားရေးနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သွယ်ဝိုက်အဟန့်အတားဖြစ်စေကြောင်း၊ အဂတိကင်းရှင်းသည့် ပြည်သူ့ဝန်ဆောင်မှုများနှင့် အစိုးရအင်စတီကျူးရှင်းတို့ရှိပါမှ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ် ပေါ်ထွက်လာရေးအတွက်လည်း အဓိကအတားအဆီးတစ်ခုဖြစ်သောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဥပဒေပြဋ္ဌာန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအစီအမံများအဖြစ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို ဖွဲ့စည်းထားရှိကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအား အဆင့်ဆင့်ထိရောက်စွာ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အရွေ့တစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်၊ ဗဟုသုတများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်းနှင့် ထပ်ဆင့်မျှဝေပေးကြရန် တိုက်တွန်းပြောကြားသည်။
သိရှိလိုသည်များကိုမေးမြန်းဆွေးနွေး
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်