Skip to main content

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

နေပြည်တော် ဩဂုတ် ၂၂

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကျန်အဖွဲ့ဝင်များက Online မှတစ်ဆင့် တက်ရောက်ကြသည်။

ဦးစွာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ် UNODC မှ ထုတ်ပြန်ခဲ့သည့် အရှေ့တောင်အာရှဒေသအတွင်း ကာစီနို၊ ဆိုက်ဘာလိမ်လည်မှုနှင့် အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်စေရန် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၌ အရှေ့တောင်အာရှဒေသများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံ စသည့်နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှုများကို အတင်းအကျပ် ကျူးလွန်စေသည့် လူကုန်ကူးမှုများသည် ပုံစံအသစ်ဖြင့် တိုးတက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှ ပုံစံသစ်ဖြင့်ဖြစ်ပေါ်လာသော လုပ်အားခေါင်းပုံဖြတ်သည့် လူကုန်ကူးမှုဟု အမည်တပ်လာကြကြောင်း။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ဆောင်ကြရာတွင် အွန်လိုင်းဆက်သွယ်ဆက်ဆံမှုလုပ်ငန်းများ၊ အွန်လိုင်းငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ငွေပေးချေမှုစနစ်များ တိုးတက်ပြောင်းလဲလာမှုအပေါ်အခြေခံပြီး အွန်လိုင်းလိမ်လည်မှု မှုခင်းများဖြစ်ပွားမှု ပိုမိုများပြားလာသည်ကို တွေ့ရှိနေရကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများဖွံ့ဖြိုးတိုးတက်လာခြင်းသည် အွန်လိုင်းလိမ်လည်မှုကုမ္ပဏီများ ပေါ်ပေါက်လာစေသည့် အခြေခံအကြောင်း ရင်းများပင်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရသူများကိုကယ်တင်၍ ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံရှိ သံရုံးများနှင့် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ဆက်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့်ပတ်သက်ပြီး ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာမှ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများနှင့်ချိတ်ဆက်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်း၍ မိမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(ဘင်းမ်စတက်) အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းလုပ်ငန်းလမ်းညွှန် (TOR) နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြောင်း။

လူကုန်ကူးခံရသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စံလုပ်ငန်း အစီအစဉ်တစ်ခုဖြစ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် (၂၀၂၀) ကို ရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များအား အဆိုပါစံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းများကို ယခင်နှစ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားပြီး စံလုပ်ငန်းအစီအစဉ်တွင်ပါရှိသည့် လုပ်ငန်းစဉ်များအတိုင်း လိုက်ပါဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လူကုန်ကူးခံရသူများကို လိုအပ်သည့်ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲ စောင့်ရှောက်မှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုတွေ့ရှိရ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဝင်များက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို အကြံပြုဆွေးနွေးပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံသစ်များကို တိုက်ဖျက်ရာတွင် ရေးဆွဲထားရှိသော မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ် စီမံကိန်း၏ လုပ်နည်းလုပ်ဟန်သစ်များနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့်စံနှုန်းများကို အသုံးပြုပြီး သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာဗဟုသုတများဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော်ကြမှသာ လူကုန်ကူးမှုများ လျော့နည်းကျဆင်းအောင် ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို အကောင်းဆုံးဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းသစ်များကိုဖော်ထုတ်ပြီး အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်