Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းခေတ်မီစံပြကျေးရွာအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု အောင်သုခကျေးရွာသို့ သွားရောက်ပြီး လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ ဇီဝဇိုးငှက်သိုက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ကြည့်ရှုလေ့လာသည်။

လုပ်ငန်းရှင် ဦးဖြူကိုသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရင်း ဇီဝဇိုးငှက်သိုက်မွေးမြူရေးလုပ်ငန်းကို တွေ့မြင်ခဲ့ရာမှ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်၌ ဒေါက်တာတင့်‌ဆွေ ရေးသားသော စီးပွားဖြစ် ဇီဝဇိုး ငှက်သိုက်စာအုပ်အား ဖတ်ရှုလေ့လာခြင်း၊ YouTube နှင့် Facebook တို့မှ လေ့လာခြင်းအပြင် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်တစ်ဦးထံသို့ သွားရောက်ကြည့်ရှုလေ့လာကာ ယခုလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင်စတင်ခဲ့ကြောင်း၊ ငှက်ခေါ်အသံစနစ်၊ အခန်းတွင်းအစိုဓာတ်ထိန်းညှိခြင်းစနစ်တို့ ပါဝင်သော ပေ(၅၀x၂၀) နှစ်ထပ်အဆောက်အအုံဆောက်လုပ်ပြီးစ၌ ဇီဝဇိုးငှက် ခုနစ်ကောင် စတင်ရောက်ရှိလာရာမှ ယနေ့အချိန်တွင် ကောင်ရေ ၅၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ ငှက်သိုက်ကုန်ကြမ်းခူးခြင်းလုပ်ငန်း၊ ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်ကျေးရွာသို့သွားရောက်၍ လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ PMK သဘာဝဇီဝဇိုးငှက်သိုက် ထုတ်လုပ်ဖြန့်ချိ ရောင်းဝယ်ရေးလုပ်ငန်းကို ကြည့်ရှုအားပေးသည်။ အဆိုပါလုပ်ငန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ငှက်သိုက်တာရှည်ခံ ထုတ်လုပ်မှုနည်းပညာ ပံ့ပိုးကူညီပေးသည်။

ထို့နောက် ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ မွမ်းမံအပ်ချုပ်သင်တန်းအောင်မြင်ပြီးသူများက အပ်ချုပ်ဆိုင်ဖွင့်၍ လုပ်ငန်းထူထောင်လုပ်ကိုင်နေမှုအခြေအနေကို ဝင်ရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို စိစစ်မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ညောင်ကုန်း၊ အောင်သုခ၊ မဲကြီး၊ ရွာမကျေးရွာလေးရွာမှ မိုးစပါးစိုက်သမဝါယမ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာနှင့် နှမ်း ဆက်လက်စိုက်ပျိုးကြရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်