Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဩဂုတ် ၂၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့သွားရောက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနေမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံအဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တံတားပေါ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကာ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ရုံးခွဲသို့ သွားရောက်ကာ ရုံးအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးပြီးရုံးခွဲတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်သည့်အတွက် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒလုပ်ထုံးလုပ်နည်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစားဆောင်ရွက်ကြရန်၊ ထို့ပြင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို ကျွမ်းကျင်ရုံသာမက ဘာသာစကား၊ နည်းပညာနှင့်ခေတ်နှင့်လျော်ညီသည့် စွမ်းဆောင်ရည်များပြည့်ဝရန်၊ ဝန်ကြီးဌာနနှင့် နိုင်ငံ့အကျိုးကိုသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်