နေပြည်တော် သြဂုတ် ၂၀
ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)၊ အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်ကြားရေး ဆရာ ဆရာမများ၊ ဘောလုံးအားကစားအသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ၊ သက်ဆိုင်ရာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် သူနာပြု/သားဖွားသင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်နှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နေပြည်တော်၌ကျင်းပမည့် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကဲ့သို့ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ (ဇုန်-၁) အုပ်စုအဆင့် ဘောလုံးပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ကျောင်းသားများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖြင့် ပြည့်စုံသည့်လူငယ်များဖြစ်ရန် ပြုစုပျိုးထောင်ရာတွင် ကာယဗလနှင့်ပြည့်စုံရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားသည် မရှိမဖြစ်အရေးကြီးပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိရေးနှင့် ဘောလုံးကစားခြင်းကို ပိုမိုစိတ်ဝင်စားမှုများလာစေရန် ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ပေါင်းစုံဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီနာယက ပြည်ထောင်စုဝန်ကြီးက ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း ၆၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌက အလှူငွေကျပ်သိန်း ၅၀ နှင့် ဘောလုံးအလုံး ၅၀ တို့ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြိုင်ပွဲဝင် အားကစားသမားများကို လိုက်လံနှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးက ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များကိုလည်းကောင်း ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ဇုန်(၁)အုပ်စုပွဲစဉ်(၁)အဖြစ် ဆေးတက္ကသိုလ်(၁)ရန်ကုန်အသင်းနှင့် ဆေးဝါးတက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ဆေးတက္ကသိုလ် (၁) ရန်ကုန်အသင်းက ဆေးဝါးတက္ကသိုလ် အသင်းကို ငါးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆေးပညာနှင့် ဆေးနှီးနွှယ်တက္ကသိုလ်အသီးသီး၏ အသင်းလိုက် ပတ်လည်ဘောလုံးပြိုင်ပွဲများကို ဇုန်နှစ်ခုခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ဇုန်(၁) ပြိုင်ပွဲများကို ရန်ကုန်မြို့တွင် ဩဂုတ် ၂၀ ရက်မှ ၂၅ ရက်အထိလည်းကောင်း၊ ဇုန်(၂)ပြိုင်ပွဲများကို နေပြည်တော်တွင် ဩဂုတ် ၂၃ ရက်မှ ၂၅ ရက်အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၌လည်းကောင်း ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်