နေပြည်တော် ဩဂုတ် ၁၉
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံရိပ်သာခန်းမ၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
မှာကြား
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ သံရည်ကျိုအလုပ်ရုံ လည်ပတ်ရေးအတွက် ဌာနများအလိုက် ဆောင်ရွက်ရမည့်နည်းစဉ်များ၊ လျှပ်စစ်မီး၊ ရေ၊ ကုန်ကြမ်းများ စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ထားရှိရေး၊ ဝန်ထမ်းများအား စနစ်တကျ ပြန်လည်စုဖွဲ့၍ သံမဏိသံရည်ကျိုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စက်ရုံဝင်းအတွင်းရှိ Substation နှင့် အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ သံရည်ကျိုလုပ်ငန်းဆောင်ရွက်နိုင်ရေး၊ စက်ပစ္စည်း၊ ထရန်စဖော်မာ၊ လျှပ်စစ်လိုင်းများ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်မှာကြားကာ စက်ရုံလုံခြုံရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်ရုံဝင်းအတွင်း သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်