Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဌာန/ အဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာန/အဖွဲ့ အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ရှင်းလင်းတင်ပြ

တွေ့ဆုံစဉ် ဌာနအလိုက် တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ရှင်းလင်းဆောင်ရွက်ပေးပြီး ဌာနတာဝန်ခံများအနေဖြင့် မိမိဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ခံစားခွင့်ကိစ္စရပ်များကို လစ်ဟင်းမှုမရှိစေဘဲ တတ်နိုင်သမျှ အလေးထားဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲများနှင့် တွေ့ကြုံရပါက သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြသတင်းပို့ဆောင်ရွက်သွားကြရန်၊ အောက်ခြေဝန်ထမ်းများအထိ လုံခြုံရေးအသိ၊ အမြင်များရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် မှာကြားကာ ပူတာအိုမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီအစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ဌာန/ အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများ၊ နေထိုင်စားသောက်မှုအခြေအနေများနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

ထိုမှတစ်ဆင့် ပူတာအိုလေဆိပ်သို့ ရောက်ရှိပြီး လေကြောင်းဖြင့် ခရီးသွားလာလျက်ရှိသော ခရီးသွားလုပ်သားပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆိုက်ရောက်/ ထွက်ခွာမှုအခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/ မရှိအခြေအနေများ၊ လေယာဉ်ပြေးလမ်းမီးအခြေအနေများ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များ၊‌ လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှုရှိ/ မရှိအခြေအနေများ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း၏ ဝဲ/ ယာ မြက်ပင်ရှည်ချုံနွယ်များ ပုံမှန်ရှင်းလင်းထားရှိမှု အခြေအနေများနှင့် ပန်းနှမ်းပင်များ စိုက်ပျိုးရန် လျာထားသည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်